CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၇

ပြည်တွင်းမှာ ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက် (CNPFD) မှ တောင်းဆိုခဲ့သည်။

လက်ရှိ ပြဿနာမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှ အစပြု၍ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် တပ်မတော်က အာဏာရယူသည်အထိ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိ တိုင်းပြည်မှာ ချောက်ထဲကျနေကြောင်း CNPFD မှ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးတင်ဦးက “အခုဖြစ်လာတဲ့ ပြဿနာက လွှတ်တော်အတွင်းက အစိုးရနဲ့ တပ်မတော်က ပဋိပက္ခဖြစ်ပွားခဲ့တာပေါ့နော်၊ နိုင်ငံက ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခကနေ နိုင်ငံအာဏာကို တပ်မတော်က သိမ်းတဲ့အထိ သူတို့ ဆိုလိုရင်းက ထိန်းတဲ့အထိ ဖြစ်ပေါ်လာတာပေါ့။ ဒီနေ့က ကျနော်တို့ တိုင်းပြည်မှာ ချောက်ထဲကျပြီး နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ကျနော်တို့က ဒီနေ့ ဒီအချိန်မှာ မည်သည့် စစ်ပွဲကြီးမဆို နောက်ဆုံးမှာ နိုင်ငံရေးနည်းနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းရတာဆိုတော့ ကျနော်တို့က အဲဒီစားပွဲဝိုင်းကို ရောက်ရှိလာဖို့အတွက် နှစ်ဖက် တင်းမာနေတဲ့ အလုံးစုံပါဝင်တဲ့ အဖွဲ့အစည်းတွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ရောက်အောင် အချိန်အတိုင်းအတာ တစ်ခုယူပြီးတော့ ကျနော်တို့က လုပ်ဆောင်သွားဖို့ ရည် ရွယ်ထားပါတယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ပဲ ကျနော်တို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားရန်ဆိုတဲ့ တောင်း ဆိုချက်ကို တောင်းဆိုခဲ့တာ အချိန်နဲ့ တပြေးညီ ဆိုတာလေးတော့ အလွတ်သဘော ပြောပြတာလေ ကြေညာချက်မှာတော့ မပါဘူးပေါ့ ”ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးက တိုက်ပွဲရှောင်များ

ထို့နောက် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ ထိခိုက်ခံစားနေရသော ပြည်သူများကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်များအား ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အရပ်သားပြည်သူများ ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဟု CNPFD က မေလ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

လက်ရှိ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့မှ တိုက်ပွဲရှောင်များကို ကူညီသွားမည်ဖြစ်ကြောင်း ဦးတင်ဦးက ပြောသည်။

ဦးတင်ဦးက “ကရင်ရယ်၊ ချင်းရယ် ကျနော်တို့ မြေလတ်မှာ ဖြစ်နေတဲ့ PDF နဲ့ စကစ တိုက်ပွဲတွေမှာ ဖြစ်နေတဲ့ နယ်မြေက NCA ထိုးပြီးသား အဖွဲ့တွေနဲ့ EAO တွေရဲ့ ပံ့ပို့ကူညီမှုနဲ့ သူတို့နဲ့ စကစဆီကို ကျနော်တို့က မေတ္တာရပ်ခံတယ်၊ အတိဒုက္ခ ရောက်နေတဲ့ ပြည်သူတွေကို ကူညီမယ်လို့တော့ ပဏာမတော့ ကျနော်တို့ သဘောတူညီ ထားတာ ရှိတယ်။ တစ်ဖက်က စကစရဲ့ သဘောတူညီမှုလည်း ယူရမယ်၊ မြေလတ်မှာ ဖြစ်နေတဲ့ ပြဿနာပေါ့။ တိုင်းရင်းသား နယ်မြေတွေမှာတော့ တိုင်းရင်းသား လက်နက်ကိုင် EAO၊ NCA ထိုးပြီးသား အဖွဲ့တွေရဲ့ ပံ့ပို့ကူညီ မှုနဲ့ ကျနော်တို့က ပဋိပက္ခနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီသွားဖို့ အစီအစဉ် ရှိပါတယ်”ဟု ပြောသည်။

CNPFD အစည်းအဝေးတွင် NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက်ခဲ့

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက် ကိုင် တော်လှန်ရေး လှုပ်ရှားမှုများ ကျယ်ပြန့်လာခဲ့သည်။

လက်ရှိတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) တို့ကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသလို လူသားချင်း စာနာထောက်ထားမှု အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။