CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၂
ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် လွတ်လာပါက လက်ရှိ ဖြစ်ပွားနေသော မြန်မာ့နိုင်ငံရေး အခြေ အနေ တည်ငြိမ်လာနိုင် သလားဆိုသည့် မေးခွန်းများ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများအကြား ထွက်ပေါ်လာသည်။
မြန်မာနိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက အဓိက သက်ဆိုင်သူများအကြား နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာရန် အခွင့်အလမ်း ပွင့်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူမျာက ထောက်ပြကြ သည်။
နိုင်ငံတကာနှင့် အာဆီယံက လွှတ်ပေးရန် ဖိအားပေးနေသော်လည်း လက်ရှိ အခြေအနေတွင်မူ အစိုးရက ပြန်လွှတ်ပေးခြင်း မရှိသေးဘဲ နေရာရွှေ့ပြောင်းထားသည့် သတင်းများသာ ထွက်ပေါ်လာသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာလျှင် နိုင်ငံရေး အခြေအနေ ကောင်းလာနိုင်သလို ၉ လပိုင်းနှင့် ၁၀ လပိုင်းဆိုသည့် အခြေအနေတွင် လွတ်ရန်မျှော်လင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်း က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြီးခဲ့သော သုံး၊ လေး နှစ်လောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖိအားပေး တာမျိုးတွေ၊ တောင်းဆိုတာတွေ မရှိဘူး။ အခုကတော့ ၅ နှစ်လည်း ပြည့်ပြီးသွားပြီ ဖြစ်တဲ့အတွက် အာဆီယံ အနေနဲ့ရော၊ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ရော၊ အနောက်နိုင်ငံတွေ အနေနဲ့ရော၊ တောင်းဆိုမယ့် အချိန်ရောက်ပြီ လို့ သူတို့အနေနဲ့ ထင်တယ်လို့ ခံစားရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အခုကတော့ ပထမအဆင့်ပေါ့၊ဒါအကျယ် ချုပ်၊ အကျယ်ချုပ်ကနေမှ ဒါဒုတိယအဆင့် အနေနဲ့ လွတ်ပေးရမယ့် အချိန်တစ်ခုကိုတော့ ရောက်လာမှာပါ။ ရောက်လာဖို့လည်း သင့်တယ်လို့ ကျမက ပြောချင်တယ်။ ဒါဟာမြန်မာနိုင်ငံအတွက် နိုင်ငံရေး အခြေအနေကောင်း လာနိုင်တဲ့ နိုင်ငံရေး အခြေအနေကို ရောက်နိုင်တယ်၊ ဒါဟာ ၉ လပိုင်းနဲ့ ၁၀ လပိုင်းဆိုတဲ့ အခြေအနေလောက်မှာ တော့ ကျမတို့ မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အပြီး နိုင်ငံရေးအနေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ မြန်မာ နိုင်ငံအတွက်ကို ပြန်လည် ဆောင်ရွက်ပေးနိုင်ဖို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနိုင်တဲ့ အခြေအနေတွေ၊ လက္ခဏာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ကျမကတော့ မြင်တယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်တွင် မြန်မာအစိုးရသစ်က အကျဥ်းသားထောင်ချီကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပြစ်ဒဏ်မှ (၆) ပုံ (၁) ပုံကို လျှော့ပေါ့ပေးခံရပြီး သမ္မတဟောင်း ဦးဝင်းမြင့် ကိုမူ ပြန်လည်လွှတ်ပေးခဲ့သည်။
မြန်မာနိုင်ငံ၏ သမ္မတသစ်က ထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် ကျန်း မာရေး ကောင်းမွန်ကြောင်းနှင့် ၎င်း၏ အစိုးရအနေဖြင့် "ကောင်းမွန်သောအရာများ"လုပ်ဆောင်ရန် စဉ်းစားနေ ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းပြည်တစ်ပြည်ကို စီမံကွက်ကဲနိုင်သည့် တကယ့်နိုင်ငံရေး သုခမိန်အ ရည်အချင်း ၎င်းတွင် မရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်က မမြင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အရည်အချင်းရှိတဲ့ နိုင်ငံရေးသမား တစ်ယောက် မဟုတ်ဘူး။ သူအရည်အချင်း မရှိဘူး။ သူက ဒီအစိုးရကို သူက အတိုက်အခံ လုပ်ပြီးတော့ သူက ပြောရလို့ရှိရင်တော့ ဒီအစဉ်အဆက် တာဝန်ယူလာတဲ့ တပ်မတော် ကျောထောက်နောက်ခံ အစိုးရတွေမှာလည်း ချို့ယွင်းချက်တွေကတော့ ရှိပါတယ်လေ။ ဒါကတော့ အဲဒီ ချို့ယွင်းချက်တွေပေါ်မှာ မူတည်ပြီးတော့ သူက အဲဒါကို လက်ညိုး ထိုးပြပြီးတော့ အများပြည်သူကို စည်းရုံးသွေးထိုး လှုံ့ဆော်ခဲ့တာပေါ့နော်။ တကယ့်တကယ် ကျတော့ သူ့မှာက တိုင်းပြည်တစ်ပြည်ကို စီမံကွက်ကဲနိုင်တဲ့ Statesman ပေါ့။ တကယ့်နိုင်ငံစု သုခမိန် အရည်အချင်းက သူ့မှာမရှိဘူး။ ဘာမှတက်လည်း မတက်ဘူး။ နာလည်း မလည်ဘူးပေါ့နော်။ ဘတ်ဂျက်တောင် ကောင်းကောင်း နားမလည်ပါဘူး။ ကျနော်တို့က သူ့ရဲ့ ငါးနှစ်တာကာလ ဘတ်ဂျက်တွေ လေ့လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစု ကြည် ဘတ်ဂျက်တောင် နားမလည်ဘူးဆိုတာ သွားတွေ့တယ်လေ။ ဒါကြောင့်မို့လို့ ဘာမှ မထူးဘူးပေါ့နော်။ အရည်အချင်းမရှိတဲ့ အတွက်ကြောင့်မို့ ကျနော်တို့က ဒါနဲ့ပတ်သက်လို့ တကယ့် နားလည်တဲ့ သူတွေကတော့ သူ့ကို မျှော်လင့်ချက် မရှိပါဘူး”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် တွေ့ဆုံဆွေးနွေးမှု လမ်းစပွင့်နိုင်ခြေရှိသော်လည်း လက်ရှိပဋိပက္ခများ ချက်ချင်းအေးငြိမ်းသွားမည်ဟု တာဝန်ခံ၍မရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံရေးနားလည်ခြင်း၊ နားမလည်ခြင်းထက်စာလျှင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနှင့်ရှင်းပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရူပြီး သွားသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲပေါ့လေ။ လက်ရှိ ဖြစ်သွားတဲ့ကိစ္စတွေ အကုန်လုံးက နိုင်ငံရေးအရ ဖြစ်သွားတဲ့ကိစ္စတွေ နိုင်ငံရေးအရ ဖြစ်သွားတဲ့ကိစ္စတွေမှာ ပုံမှန်အတိုင်း စဥ်းစားလို့မရဘူး။ သူတို့ရဲ့ အမြင်ဟာ အပြင်မှာ တကယ်ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ တွက်ကြည့်ရမှာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး နား မလည်ဘူး။ နားလည်ခြင်း၊ နားမလည်ခြင်းထက် စာလို့ရှိရင် ဘာဖြစ်နေသလဲဆိုတာ အရေးကြီးတယ်လေ။ သူ နားမလည်ဘူး ဆိုကြပါအုံးစို့ ဆိုရင်တောင်မှ ဒီဥစ္စာက နားမလည်တဲ့ကိစ္စကြီးက ဘာကြောင့်ဒီလို ဖြစ်နေတာလဲ။ ကျနော်တို့ တိုင်းပြည်ရဲ့ ပေးထားချက်သည် ဒီဟာတွေ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့သွားရမယ်၊ နိုင်ငံရေးအကျဥ်းသားတွေဆိုတာ မရှိသင့်ဘူးပေါ့နော်။ မရှိသင့်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါတွေကို ဖြေ လျော့ ပြီးတော့ ဘယ်လိုသွားရမယ်။ ဒါတွေဟာ ပေးထားချက်တွေကြီးပဲ ကျနော်တို့က ဒီဟာကို မတွက်မခြင်းက မပြီးနိုင်ဘူး။ အဲဒီဟာအတွက်ကိုက အန်တီစု နိုင်ငံရေးနားလည်ခြင်း၊ နားမလည်ခြင်းဆိုတာ ဒါတွေက မဆိုင်ဘူး ပေါ့နော်။ အဲဒီဟာအတွက်လည်း ကျနော်တို့က ထိုက်သင့် အားလျော်တဲ့ ပေးဆပ်မှုတွေ ကြုံပြီးပြီ။ ကျနော်တို့ ထိပ်ပိုင်းက နိုင်ငံရေးတွေ ကစားနေတဲ့ဟာက အောက်ခြေ ပြည်သူလူထုတွေပဲ အဓိက ထိခိုက်တာဖြစ်တဲ့ အတွက် ကြောင့်မို့လို့ အဓိကနိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ရှင်းပြီးတော့မှ ပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကိုပဲ ရှေးရှု ပြီးတော့မှ သွားသင့်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စစ်ရေးပဋိပက္ခများကို လက်နက်ကိုင် လမ်းစဉ်ဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှု၍ သွားသင့်ပြီး တိုက်တွန်းချက်များ၊ သဘောထားများရှိနေကြောင်း နိုင်ငံရေးနှင့်စစ်ရေးသုံးသပ်သူများက ထောက်ပြကြသည်။
