CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၂
သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရလက်ထက် နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းအရ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးရာတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား မည်ကဲ့သို့ ဆွေးနွေးမှ အဆင်ပြေမှု ရှိနိုင်မလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်သူများအကြား သုံးသပ်မှုများ ရှိနေကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
မကြာသေးခင်က NSPNC သည် NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ် ထိုးချိန်က ပါဝင်ခဲ့သူများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာများ ပေးပို့ထားပြီဟု 7 EAO Alliance မှ ပြောကြား ချက်အရ သိရသည်။
ငြိမ်းချမ်းရေး ရရှိရေးအတွက် အလွတ်သဘော စတင်ဆွေးနွေးသည့် အခါတွင် အားလုံး သဘောတူညီနိုင်သော ဘုံသဘောတူညီချက်ကို ဦးစွာ ရယူရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဆောင်ရွက်ရာ၌ ၂၀၁၁ ငြိမ်းချမ်း ရေးလမ်းစဥ် လျှောက်လှမ်းခဲ့သည့် ပုံစံအတိုင်း ပြန်သုံးနိုင်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ဆောင်ရွက်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုဒီလိုမျိုး ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ ၂၀၁၁ ကစခဲ့တဲ့ ပုံစံမျိုး ပြန်ပြီးတော့မှ သွားဖို့သင့်တာပေါ့ဗျာ။ နည်းနည်းပြုပြင်ပြီးတော့မှ လုပ်ရမှာပေါ့။ ၂၀၁၁ တုန်းက ကျနော်တို့ လုပ်ခဲ့တာကတော့ နံပါတ်တစ်ကတော့ အစိုးရက EAO တွေကို နေပြည်တော်ကို ဖိတ်တဲ့အခါကျတော့ မသွားကြဘူး။ မသွားတော့ သူတို့က ထိုင်းကို လာ ကြတယ်။ ထိုင်းနယ်စပ်ကို လာတယ် ဒီမှာအရင် အလွတ်သဘော ဆွေးနွေးတယ်။ ယုံကြည်ချက်ရတဲ့ အခါကျ တော့မှ နံပါတ်တစ်ကတော့ ပြည်တွင်းကို ဝင်ပြီးတော့မှ အပစ်ရပ်စာချုပ်တွေ လုပ်တယ်ပေါ့ဗျာ။ အပစ်ရပ် လုပ် ပြီးတော့မှ နိုင်ငံရေးဆွေးနွေး သွားမယ်ဆိုတဲ့ သဘောတူညီချက်ကို ရယူတယ်။ အဲဒါပြီးတဲ့ အခါကျတော့ EAO တွေက အားလုံးစုပေါင်းပြီးတော့မှ ဘုံရပ်တည်ချက်တွေ၊ လိုလားချက်တွေကို ရေးဆွဲပြီးတော့မှ သူတို့ကတင် တယ်။ ဒီဘုံလိုလားချက်တွေကို ပြောတာထက် နောက်တစ်ခုက ဘာလဲဆိုတော့ ကျနော်တို့ ပြည်ထောင်စုနိုင်ငံ ရေးဟာ ဘယ်လိုဖြစ်သင့်သလဲဆိုတာကို သူတို့က မူရေးဆွဲပြီးမှ သူတို့တင်တယ်။ ဒီတင်တဲ့ဟာကို အစိုးရဘက်က နေပြီးတော့မှ ပြန်ပြီးတော့မှ ဆွေးနွေးတယ် ညှိနှိုင်းတယ် ညှိနှိုင်းပြီးတော့ နောက်ဆုံး NCA ဆိုတာထွက်လာတာ ပေါ့။ ဒီဥစ္စာကတေ့ာ အရင်က လုပ်ခဲ့တဲ့ နည်းပေါ့။ ဒီနည်းကို အကြမ်းဖျင်းပြန်ပြီးတော့မှ သုံးနိုင်ပါတယ်။ အသေး စိတ်တော့ ကွဲနိုင်တာပေါ့နော်။ ဘာလို့လဲဆိုတော့ အချိန်တွေက လုံးဝမတူတော့ဘူး။ ဒီတော့ ဘယ်နည်းနဲ့မဆို အရင်ဆုံး လုပ်ရမှာကတော့ EAO တွေအားလုံး သူတို့လာတွေ့ဖို့ အရင်လိုတာပေါ့။ ဘယ်နည်းနဲ့မဆို အရင်ဆုံး အလွတ်သဘော ဆွေးနွေးတဲ့ အခါကျရင် အားလုံးသဘောတူညီနိုင်တဲ့ ဘုံရပ်တည်ချက်တစ်ခုကို ကျနော်တို့ အရင်ဆုံးရယူရမှာပေါ့” ဟု ပြောသည်။

လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးနေကြစဉ်
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁- ၂၀၁၂ ခုနှစ်များ အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ် ရေးထိုးခဲ့ကြသလို ၂၀၁၃ ခုနှစ်မှာ NCA စာချုပ်ကို စတင်ဆွေးနွေး၍ ၂၀၁၅ ခုနှစ်၊ သြဂုတ်တွင် NCA စာချုပ်အား မူကြမ်းရရှိခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် NMSP နှင့် LDU တိုဖြင့်လည်းကောင်း လက်မှတ် ရေးထိုးခဲ့ကြသည်။
အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးညှိနှိုင်းရာတွင် ၎င်းတို့လက်ခံသည့် ဖက်ဒရယ်စနစ် ကို အခြေတည်ကာ ငြိမ်းချမ်းရေးအရ ချဥ်းကပ်ဆွေးနွေးသင့်ကြောင်း၊ ဖက်ဒရယ်စနစ် လက်ခံသည်ဟု ဆိုသော် လည်း လက်တွေ့တွင် ဖက်ဒရယ်စနစ် မဆန်နေသည့် သဘောမျိုး ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ကို ဟိုဟာဖြစ်ဖို့ အတွက်ဆိုရင်တော့ ခုနပြောတဲ့ ဖက်ဒရယ်စနစ်ကို လက်ခံတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို သူတို့လက်ခံတဲ့ ဖက်ဒရယ်စနစ်ပုံစံနဲ့ ချဉ်းကပ်ပြီးဝောာ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးဖို့လိုတယ်။ ကျနော်တို့က အခုဟာက ဖြစ်နေတာက ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို လက်ခံတယ်လို့ ပါးစပ်က ပြောပြီးတော့ လက်တွေ့ တောင်းဆိုတဲ့ဟာတွေ လက်တွေ့မြင်နေတဲ့ အနေအထား ရှုမြင်ကြည့်မြင်ပုံတွေကကျတော့ ဖက်ဒရယ် စနစ် မဆန်ဘူး။ ၂၀၀၈ ဥပဒေဘောင်ထဲက ပုံစံမျိုးဖြစ်နေတယ်။ ဥပမာဗျာ တပ်မတော်ဆိုတာ ကျနော်တို့ ဖက်ဒရယ်နိုင်ငံတွေမှာရှိတဲ့ တပ်မတော်ဆိုတာက တစ်တိုင်းပြည်လုံးက တိုင်းရင်းသားအားလုံး ပါဝင်ဖွဲ့စည်းထား တဲ့ တပ်ဖြစ်ပြီးဝောာ့ အဲဒီတပ်ရဲ့တာဝန်က ပြည်ပရန်အား ကာကွယ်ဖို့ တပ်ဖြစ်ရမယ်။ အဲဒီလိုဆိုတော့ ကိုယ်က စဉ်းစားတဲ့အခါ ဆွေးနွေးတဲ့ အခါမှာဆိုရင် ငါတို့အရင်က စခန်းထိုင်ခဲ့တဲ့ နေရာတွေကို ငါတို့ပြန်ထိုင်မယ်။ ၂၀၂၃ မတိုင်ခင်က နေရာတွေကို ပြန်ပေးရမယ်ဆိုပြီးတော့ အဲဒီလိုမျိုး စတင်ပြီးတော့ ပြောတာက ပြဿနာက ရှေ့မတိုး နိုင်အောင် ပြောလိုက်သလို ဖြစ်သွားတာပေါ့။ ပြောရမှာက ဖက်ဒရယ်စနစ်ကို ကျနော်တို့ ဘယ်လိုသွားကြမလဲ။ အဲဒီ ဖက်ဒရယ်စနစ်မှာ တပ်မတော်ဆိုတာ တစ်ရပ်တည်းရှိရမယ်။ အဲဒီတပ်မတော်ထဲမှာ အားလုံးပါဝင်တဲ့ ပြည်ထောင်စု တပ်မတော် တည်ဆောက်ဖို့ ဘယ်လိုဖွဲ့စည်းကြမလဲ။ ဘယ်လို တာဝန်ယူခွဲဝေကြမလဲ။ အဲဒီဟာ တွေ ကနေပြီးတော့ စပြီးတော့ ချဉ်းကပ်လို့ရှိရင် KIA၊ AA တို့က အဆင်ပြေနိုင်မယ်။ ဘာလို့ဆို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တော့ သူတို့တိုင်းရင်းသားဒေသတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ်စနစ် ကိုပဲ သူတို့က ကြိုးစားတာ” ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌဟောင်းကို တွေ့ရစဉ်
ထို့အပြင် ဖက်ဒရယ်စနစ်ကို အခြေတည်ကာ ဆွေးနွေးကြပြီးမှသာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်များ ရလာနိုင် ကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းက “အဲဒီတော့ ဖက်ဒရယ် စနစ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ လက်တွေ့ကိစ္စတွေကို ပြောကြတဲ့အခါမှာ ဖက်ဒရယ်စနစ်နဲ့ ညီရဲ့လားဆိုတာ ကျနော်တို့က မေးရမှာပေါ့နော်။ အဲဒီလိုမျိုး မေးပြီးတော့ ဖြေရှင်းသွားမယ်ဆို ရင် အဆင်ပြေတယ်။ ဥပမာဆိုကြပါစို့ လက်တွေ့ ဆွေးနွေးကြရင်းနဲ့ တပ်တွေ ဘယ်နေရာ ထားမလဲဆိုတဲ့ ဘယ် နေရာထားမယ်၊ ဘယ်နေရာမှာ အုပ်ချုပ်မလဲဆိုတဲ့ ဥစ္စာတွေကို ဆွေးနွေးကြတဲ့အခါမှာ အဲဒီတပ်တွေထားတဲ့ နေရာက ရွေးကောက်ပွဲ ဘယ်လိုလုပ်မလဲ၊ တက်လာတဲ့အစိုးရကို ဘယ်လိုတွေ အာဏာပေးမလဲ အဲဒီဟာတွေ ကနေပြီးတော့ ချဉ်းကပ်ရမှာ။ ဘာလို့လဲဆိုတော့ အဲဒါကနေ ချဉ်းကပ်ပြီး ဆွေးနွေးမယ်ဆိုရင် သဘောတူညီချက် တွေ ရနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဖက်စလုံးက ဖက်ဒရယ်စနစ်ကို လက်ခံထားတယ်ဆိုတဲ့ အချက် ကြောင့် ပြဿနာက ဖက်ဒရယ်စနစ်ကို လက်ခံသလား လက်မခံဘူးလားဆိုတာကို အရင်ဆုံး စဆွေးနွေးရမယ်။ NCA ထိုးထားတဲ့ အဖွဲ့အစည်းကတော့ ဖက်ဒရယ်စနစ်ကို လက်ခံတယ်ဆိုတဲ့ဟာကို ပြောထားတယ်။ ဒါပေမယ့် AA တို့ KIA တို့က KIA ကတော့ အဲဒီသဘောထားရှိတယ်။ AA က ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို လက်ခံသလား လက်မခံဘူးလားဆိုတာကို အရင်ဆုံးရှင်းအောင် လုပ်ရမလို ဖြစ်နေတယ်။ သူပြောတဲ့ဥစ္စာက ကွန်ဖက်ဒရေးရှင်း ပုံစံမျိုးကို ပြောနေတာ။ အဲဒီဟာကို အရင်ဆုံးဆွေးနွေးရမယ်” ဟု ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆ အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှု အမျိုးမျိုးရှိကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများကလည်းက ထောက်ပြကြသည်။
ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ပဋိပက္ခ၏အခြေခံ အကြောင်းတရားများဖြစ်သည့် နိုင်ငံရေးခံယူချက်များ၊ သမိုင်းနောက်ခံ အဖြစ်အပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ ထည့်မစဥ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဥ် အလုပ် မဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
