CNI International News
ဘန်ကောက်၊ မေလ ၁၂
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည် ဘန်ကောက်မြို့ရှိ Klongprem ဗဟိုအကျဉ်းထောင်မှ ခံဝန်ဖြင့် မေလ ၁၁ ရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သက်ဆင်သည် နံနက် ၇ နာရီ ၄၄ မိနစ်တွင် အကျဉ်းထောင်တံခါးမှ ထွက်ခွာလာခဲ့ပြီးနောက် မိသားစုဝင်များကို ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ကာ ဖြူးထိုင်းပါတီဝင်များနှင့် ရှပ်နီအဖွဲ့ဝင်များ အပါအဝင် ၎င်းအား ထောက်ခံအား ပေးသည့် လူအုပ်ကြီးကိုလည်း နှုတ်ဆက်ခဲ့သည်။
နိုင်ငံတော်သီချင်း ဖွင့်ထားချိန်တွင် သက်ဆင်သည် ထိုင်းနိုင်ငံတော်အလံကို အလေးပြုခဲ့ပြီးနောက် နံနက် ၇ နာရီ ၅၆ မိနစ်တွင် ၎င်း၏ Mercedes-Maybach ကားဖြင့် အကျဉ်းထောင်မှ ထွက်ခွာသွားခဲ့သည်။
ကားနောက်ခန်း၏ ဘယ်ဘက်ထိုင်ခုံတွင် ထိုင်နေသော သက်ဆင်သည် ၎င်းအား လာရောက်ကြိုဆိုကြသည့် ထောက်ခံအားပေးသူများကို လက်အုပ်ချီ၍ ထပ်တလဲလဲ နှုတ်ဆက်ခဲ့သည်။
သက်ဆင်သည် ခံဝန်ဖြင့် လွတ်မြောက်နေသည့် ကာလအတွင်း တည်နေရာကို ညွှန်ပြသည့် အီလက်ထရွန်နစ် ခြေပတ်ကို စက်တင်ဘာလ ၉ ရက်နေ့အထိ ဝတ်ဆင်ထားရမည်ဖြစ်သည်။

သက်ဆင်က ထောက်ခံသူများကို နှုတ်ဆက်နေစဉ်
၎င်းသည် အကျဉ်းဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများအရ အထွေထွေခံဝန်ဖြင့် လွတ်မြောက်ခွင့်ပြုခဲ့သည့် အကျဉ်းသား ၈၅၉ ဦးတွင် တစ်ဦး အပါအဝင် ဖြစ်သည်။
ထို့ပြင် သက်ဆင် နေထိုင်မည့် ဘန်ဖလတ် (Bang Phlat) ခရိုင်ရှိ Ban Chan Song La နေအိမ်သည် ဘန်ကောက် ပြစ်မှုစောင့်ကြည့်ရေးရုံး၏ စီရင်ပိုင်ခွင့် နယ်မြေအတွင်း ရှိနေသဖြင့် လွတ်မြောက်ပြီး ၃ ရက်အတွင်း ထိုရုံးသို့ သွားရောက် သတင်းပို့ရမည် ဖြစ်သည်။
ထို့ပြင် ခံဝန်ကာလ တစ်လျှောက်လုံးတွင်လည်း လစဉ် ပုံမှန် သတင်းပို့ရမည်ဖြစ်သည်။
အသက် ၇၆ နှစ်အရွယ်ရှိ သက်ဆင်သည် ၂၀၀၆ ခုနှစ်မတိုင်မီ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း အာဏာအလွဲသုံးစားလုပ်မှုဖြင့် တရားရုံးချုပ်က ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် စက်တင်ဘာ လ ၉ ရက်နေ့ကတည်းက အကျဉ်းကျခံနေရခြင်း ဖြစ်သည်။
မေလ ၁၁ ရက်နေ့အထိ စာရင်းများအရ သက်ဆင်သည် ထောင်ဒဏ်၏ ၃ ပုံ ၂ ပုံကို ကျခံပြီးဖြစ်သဖြင့် ခံဝန်ဖြင့် လွတ်မြောက်ခွင့်ရရှိရန် သတ်မှတ်ချက်များနှင့် ပြည့်မီခဲ့ကာ ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
