CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၆

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် ထောင်ဒဏ် သက်တမ်းကာလ၏ ၃ ပုံ ၂ ပုံကို ကျခံပြီးပါက ခံဝန်ဖြင့် လွတ်ငြိမ်းခွင့် လျှောက်ထားနိုင်သဖြင့် လာမည့်မေလတွင် ခံဝန်လျှောက်ထား နိုင်တော့မည်ဖြစ်ကြောင်း တရားရေးဝန်ကြီး ဒုတိယရဲချုပ် ရတ်သာပွန် နာအိုဝါရတ် (Rutthapon Naowarat) က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုအမှုနှင့်ပတ်သက်ပြီး အကျဉ်းထောင်အဆင့်၊ အကျဉ်းဦးစီးဌာနနှင့် တရားရေးဝန်ကြီးဌာနတို့၏ ကော်မတီများ နှင့် တိုင်ပင်ဆွေးနွေးခဲ့ကြောင်း၊ ထိုလုပ်ငန်းစဉ်သည် ပုံမှန်ဖြစ်ပြီး သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရတ်သာပွန်က ပြောသည်။

“ခံဝန်နဲ့ လွတ်ငြိမ်းလျှောက်လွှာကို ပုံမှန်အတိုင်း တင်သွင်းနိုင်ပါတယ်။ သက်ဆင်ရဲ့ အမှုမှာ ခံဝန်နဲ့ လွတ်ငြိမ်းခွင့် လျှောက်ထားနိုင်မယ့် ကာလဟာ ၂၀၂၆ ခုနှစ် မေလထဲမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ရဲ့ သုံးပုံနှစ်ပုံကို ကျခံရမယ်ဆိုတဲ့ စည်းမျဉ်းအရ သူဟာ ခံဝန်လျှောက်ထားဖို့ အရည်အချင်း ပြည့်မီပါတယ်” ဟု ၎င်းကဆိုသည်။

အသက် ၇၆ နှစ်အရွယ်ရှိ သက်ဆင်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၉ ရက်ကတည်းက ကလောင်ပရမ် ဗဟိုအကျဉ်းထောင် (Klong Prem Central Prison) ၌ ထိန်းသိမ်းခြင်း ခံထားရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တွေ့ရစဉ်

သူသည် ရာဇဝတ်မှု သုံးခုအတွက် ကျခံရမည့် ထောင်ဒဏ် တစ်နှစ်ကို အကျဉ်းထောင် အတွင်း၌သာ ထိန်းသိမ်း ခံရမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ အထွေထွေဆေးရုံရှိ VIP အခန်းတွင် နေထိုင်ခဲ့သည့် ၆ လတာ ကာလကို  ထောင်ဒဏ် ကာလ ၁ နှစ်အတွင်း ထည့်သွင်း ရေတွက်ခြင်း မရှိကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် အကျဉ်းထောင် သို့ ပြန်လည် ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။

ကလောင်ပရမ် ဗဟိုအကျဉ်းထောင်မှ သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ သက်ဆင်၏ ခံဝန်ဖြင့် လွတ်ငြိမ်းခွင့်ကို ပြန်လည် သုံးသပ်နေဆဲဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်သည် ခံဝန်နှင့်ပတ်သက်သည့် အခြေခံ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို ဆုံးဖြတ်ရန် အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသော အကျဉ်းသားစာရင်းကို ပြုစုနေသည်။

ခံဝန်ဖြင့် လွတ်ငြိမ်းခွင့် ရရှိသူများသည် သတ်မှတ်ထားသော အုပ်ထိန်းသူ၏ ကြီးကြပ်မှုအောက်တွင် မှတ်ပုံတင် စာရင်းသွင်းထားသော နေအိမ်၌ ခံဝန်ကာလကို ဖြတ်သန်းရမည်ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်