CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် နယ်မြေအငြင်းပွားမှု ပြဿနာများ မကြာခဏဆိုသလို ဖြစ်ပေါ်နေခြင်းကြောင့် နယ်မြေပိုင်းခြား သတ်မှတ်မှုများ ရှိသင့်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး လေ့လာသူများက ထောက်ပြကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ် (TNLA) တို့အကြား နယ်မြေအုပ်ချုပ်ရေး အားပြိုင်လာခဲ့ကြပြီးနောက် ခိုက်ရန်ဖြစ်ပွားမှုများရှိလာသလို ပြည်သူ လူထု သွားလာရေးများကိုလည်း ကန့်သတ် စစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်။

MNDAA နှင့် TNLA ဖြစ်စဥ်သည် ပြီးခဲ့သည့် ငလျင်ဘေး၌လည်း ရန်ပုံငွေကောက်ခံနေသည့် MNDAA တပ်ဖွဲ့ဝင် များကို TNLA က လာရောက်တားမြစ်ရာမှ ရိုက်နှက် ထိုးကြိတ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များ ကြားထဲတွင် နယ်မြေသတ်မှတ်မှုသည် မရှိမဖြစ်လိုအပ်ကြောင်း၊ နယ်မြေ အုပ်ချုပ်ရေး သာမကပဲ အခွန်အကောက် စသည့် ကိုယ်ကျိုးစီးပွားများပါ ပါဝင်လာသည့်အတွက် နယ်မြေ သတ်မှတ်ထားခြင်းသည် ၎င်းတို့အတွက် ပဋိပက္ခဖြစ်နိုင်ခြေ နည်းနိုင်သည်ဟု တရုတ်-မြန်မာအရေးလေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

TNLA-MNDAA  တို့ကို ကွတ်ခိုင်မြို့ထဲမှာ တွေ့ရစဉ်

၎င်းက “နယ်မြေ သတ်မှတ်မှုကတော့ လိုတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူက အုပ်ချုပ်ရေးစနစ်တို့ ဘာတို့ စနစ် တကျ တည်ဆောက်ဖို့ လိုတာကို။ အဲ့ဒီဝောာ့ တချို့နေရာတွေကျတော့ မရှိဘူးဗျ။ မရှိတဲ့ အခါမှာဆိုရင် ဟိုဘက်နဲ့ ဒီဘက်နဲ့ ညှိနှိုင်းရတာတွေတော့ ရှိတာပေါ့။ ဥပမာ ကျမတို့ အရင်တုန်းက နေတုန်းကလည်း ဒီလိုပဲ။ ဟိုဘက်ခရိုင် ဒီဘက်ခရိုင် ထပ်နေတာတွေ ဘာတွေရှိရင် အဲဒီဒေသကို ပူးတွဲအုပ်ချုပ်တာတို့ တစ်ယောက်တစ်လှည့် အုပ်ချုပ် တာတို့ လုပ်လို့ရတယ်ဗျ။ ခါတိုင်း အဲဒီလိုတော့ လုပ်တတ်တာပဲ။ သူတို့ အဲဒီလို လုပ်သလား မလုပ်သလားတော့ မသိဘူး။ (နယ်မြေသတ်မှတ်မှု) ထားရမှာဗျ ထားရမှာ။ ဘာဖြစ်လို့လဲဆိုတော့ နယ်မြေအုပ်ချုပ်ရုံ တင်မကဘူး သူတို့က အခွန်အကောက် ကောက်တာတို့ဘာတို့လည်း ပြဿနာတက်ကြတာကို။ အဲဒီလိုဟာမျိုးကျတော့ ကိုယ်ကျိုးစီးပွားတွေပါ ပါလာလို့ရှိရင် ပဋိပက္ခ ပိုကြီးတတ်တယ်လေ။ ဒါကြောင့်မို့ သတ်သတ်မှတ်မှတ် ရှိရမယ်။ ပြဿနာတွေ ပေါ်လာရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ စည်းကမ်းတွေ ဘာတွေရှိရမယ်‌ဗျ။ သူတို့ရှိနိုင်ပါတယ်။ ဒါမယ့် အောက်ခြေကျတော့ တစ်ခါတစ်လေကျ စိတ်လက်မာန်ပါတွေတော့ ဖြစ်တတ်တာတော့ပေါ့‌ဗျာ။ ဒါပေမယ့် ကျမကြည့်တယ် သူတို့မှာ စည်းကမ်း အထူးသဖြင့် အထက်လူကြီးတွေကြားမှာ ခေါင်းဆောင်တွေ ကြားမှာလည်း ရှိပုံရပါတယ်”ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း TNLA သည် KIA,MNDAA,SSPP တို့နှင့် နယ်မြေ အငြင်းပွားကာ အုပ်ချုပ်ရေး အားပြိုင်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA, KIA, MNDAA, AA, SSPP, UWSA အပါအဝင် ပြည်သူ့စစ်များ၊ PDF များ အခြေချလှုပ်ရှားလျက်ရှိနေသည်။

ပဋိပက္ခများဖြစ်ပွားနေသည့်ကြားမှာ နယ်မြေသတ်မှတ်ထားပါကလည်း ယာယီအနေဖြင့်သာ ရှိမည်ဖြစ်ကြောင်း၊ အားလုံး သဘောတူညီသည့် ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခု‌ရောက်မှသာလျှင် နယ်မြေအငြင်းပွားမှု ပြဿနာများ ပြီးဆုံးသွားမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်

၎င်းက “လက်နက်ကိုင်ပြီဆိုလို့ ရှိရင်တော့လည်း ဒီနေရာ ငါ့နယ်မြေ ဒီနေရာ ငါဗိုလ်ပဲ ဆိုတဲ့ဟာမျိုးကတော့ ဘယ်သူ မဆိုကတော့ လုပ်ချင်မှာပဲပေါ့။ ဒါပေမယ့် ဒီဟာကြီးက လုပ်သင့်လား မလုပ်သင့်လား ပြောရတာကျ တော့ ကျနော်တို့ အနေနဲ့ကတော့ မြန်မာပြည်မှာ ပြည်တွင်းစစ်က အမြန်ဆုံးပြီးဆုံးပြီးတော့မှ ငြိမ်းချမ်းရေး ရပြီး တော့ အားလုံးသဘောတူမျှတတဲ့ နိုင်ငံရေးဖြစ်စဉ် အခင်းအကျင်းကိုပဲ သွားစေချင်တာဆိုတော့ ဒီလို နယ်မြေတွေ ခွဲဝေတာတွေ ဘာတွေကကျတော့ ကျနော့် သဘောဆိုရင်တော့ သိပ်မဖြစ်ဘူးပေါ့လေ။ ဒါပေမယ့် လက်နက်ကိုင် ထားတဲ့ သဘောတရားအရတော့ သူ့နယ်မြေ ကိုယ့်နယ် မြေဆိုတဲ့ဟာကတော့ ရှိမှာပေါ့။ အဲဒီပဋိပက္ခတွေ ပြီးဆုံး ပြီးတော့မှ အားလုံး သဘောတူညီတဲ့ နိုင်ငံရေးအခင်းအကျင်း တစ်ခုရောက်မှပဲ ဒါတွေက ပြီးဆုံးသွားမှာဆိုတဲ့ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ရှိနေမှာပဲ။ ယာယီပဲ အဲဒါတွေ အကုန်လုံးကလည်း။ ယာယီပဲရမှာပဲ။ နယ်မြေ သတ်မှတ်မှု သဘောကိုက ကျနော်တို့ ရှမ်းပြည်မြောက်ပိုင်းရဲ့ လူတွေ ပျံ့နှံ့နေထိုင်ပုံကိုက တစ်မြို့ထဲမှာ ရှိသမျှ လူမျိုးတွေ အကုန်ရှိနေတာကို။ အဲဒီလိုမျိုး ဖြစ်တဲ့အခါကျတော့ ဒါကြီးကို နယ်မြေ သတ်မှတ်လိုက်ရုံနဲ့ ပြီးမလားဆိုတဲ့ဟာက ခဏတဖြုတ်တော့ ဖြစ်ရင်ဖြစ်မှာပေါ့။ ပဋိပက္ခပြန်ဖြစ်ခဲ့တဲ့ ဟာတွေကလည်း ရှေ့မှာ သာဓကတွေက အများကြီးရှိတာကို။ ဒီနယ်မြေက ဒီအဖွဲ့ ထိန်းချုပ်တယ်ဆိုပေမယ့် ဒီအဖွဲ့ရဲ့အောက်မှာ လူတွေကို ခွဲလိုက်လို့မှ မရတာနော်။ ဒီမှာ ပလောင်ပဲနေကြတော့ ဟိုဘက်မှာ တရုတ်ပဲနေကြတော့ လုပ်လို့မရတဲ့အတွက် ကြောင့်မို့လို့ သူ့ဟာသူ ပျံ့နှံ့နေထိုင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြဿနာတွေကတော့ ရှိနေမှာပဲ"ဟု ပြော သည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြားလည်းကောင်း၊ လက်နက်ကိုင်များ အချင်းချင်းကြားလည်းကောင်း နယ်မြေထိန်းချုပ်ရေးနှင့် စိုးမိုးရေး စစ်ပွဲများဖြစ်ပွားနေသည်။

KIA သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ နယ်မြေ ထိန်းချုပ်ရေး စစ်ဆင်ရေးများ ဖော်ဆောင်နေခြင်းကြောင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ မြန်မာ့တပ်မတော်တို့ဖြင့် တိုက်ပွဲများဖြစ်ပွား နေသလို NSCN ဟု ခေါ်သော နာဂလက်နက်ကိုင်များနှင့်လည်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။