CNI International News

ဘန်ကောက်၊ ဇွန်လ ၄

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) သည် ၎င်းအပေါ် ချမှတ်ခံထားရသည့် ထောင်ဒဏ် သက်တမ်း အားလုံးမှ အလုံးစုံ ကင်းလွတ်ခွင့် ရရှိသွားပြီး ပြစ်ဒဏ်မှ အလုံးစုံ လွတ်မြောက်သွားပြီဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

သက်ဆင်သည် မေလက ခံဝန်ဖြင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး လက်ကျန် ထောင်ဒဏ် သက်တမ်း ၄ လကို စောင့်ကြည့်ကာလဖြင့် နေထိုင်ခဲ့ရကာ ခြေထောက်တွင်လည်း ခြေရာခံစောင့်ကြည့်သည့် အီလက်ထရောနစ် ခြေပတ်တစ်ခု တပ်ဆင်ခံခဲ့ရခြင်းဖြစ်သည်။

သို့သော် ဇွန်လ ၂ ရက်ညပိုင်းက ထိုင်းဘုရင် မဟာ ဗာဂျီရာလောင်ကွန်း (Maha Vajiralongkorn) ၏ တော်ဝင် အမိန့် ပြန်တမ်းတွင် သက်ဆင်အား လက်ကျန်ထောင်ဒဏ် သက်တမ်းများမှ အလုံးစုံ ကင်းလွတ်ခွင့် ပေးကြောင်း ကြေညာခဲ့ပြီး ထိုကြေညာချက်သည် ဇွန်လ ၃ ရက်တွင် စတင် အကျုံးဝင်သက်ရောက်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တွေ့ရစဉ်

ထို့ကြောင့် သက်ဆင်သည် လက်ကျန် ထောင်ဒဏ် သက်တမ်းများကို စောင့်ကြည့်ကာလဖြင့် နေထိုင်စရာ မလို တော့ဘဲ အီလက်ထရောနစ် ခြေပတ်ကိုလည်း ပြန်ဖြုတ်ရတော့မည်ဖြစ်ကာ ပြစ်ဒဏ်မှ အလုံးစုံ လွတ်မြောက် သွားခဲ့ပြီဖြစ်သည်။

ထိုင်းနိုင်ငံသည် စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသည့်နိုင်ငံ ဖြစ်သောကြောင့် ပြစ်ဒဏ် ကျခံနေရသည့် ရာဇဝတ် သားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဘုရင်မင်းမြတ်တွင် နောက်ဆုံးအာဏာ ရှိသည်။

ထိုင်းဘုရင်သည် မိဖုရားကြီး သုသီတာ (Suthida) ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ပြီး ယခုလွတ်ငြိမ်းချမ်းသာခွင့်အတွင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသော အကျဉ်းသားများလည်း လွတ်မြောက်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တွေ့ရစဉ်

ထိုင်းနိုင်ငံရေးတွင် ဆယ်စုနှစ် နှစ်ခုကျော်ကြာ လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည့် အသက် ၇၆ နှစ်အရွယ် ဘီလျံနာ တစ်ဦး ဖြစ်သည့် သက်ဆင်သည် ဆက်သွယ်ရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ၎င်း၏ ကိုယ်ပိုင် နိုင်ငံရေးပါတီကို တည်ထောင်ခဲ့ကာ ၂၀၀၁ ခုနှစ်မှစ၍ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သို့သော် ၂၀၀၆ ခုနှစ်တွင် သက်ဆင် ပြည်ပသို့ ရောက်ရှိနေစဉ် စစ်တပ်က အာဏာသိမ်းကာ ၎င်းအား ရာထူးမှ ဖယ်ရှားခဲ့သည်။

သက်ဆင်၏ ရှေ့နေဖြစ်သူ ဝင်ယတ် ချတ်မွန်ထရီ (Winyat Chatmontree) က သက်ဆင် အနေဖြင့် ၎င်းအပေါ် ချမှတ်ထားသော ဥပဒေကြောင်းအရ ပြစ်ဒဏ်များ အားလုံးမှ အပြီးအပိုင် လွတ်မြောက်သွားပြီဖြစ်ကြောင်း အေပီ သတင်းဌာနကို အတည်ပြု ပြောကြားခဲ့သည်။

သို့သော်လည်း သက်ဆင် ဝတ်ဆင်ထားသည့် အီလက်ထရောနစ် ခြေပတ်ကို ပြန်လည် ဖြုတ်သိမ်းရန် လုပ်ထုံး လုပ်နည်းအချို့ ရှိနေသေးသဖြင့် ရက်အနည်းငယ် ကြာမြင့်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source: အေပီ