CNI International News

ဝါရှင်တန်၊ ဇွန်လ ၄

ပါရှန်းပင်လယ်ကွေ့တွင် အမေရိကန်နှင့် အီရန်ကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်အတွက် ယခင်ကတည်းက ကျိုးပျက်လွယ်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည်  နောက်ထပ် စိန်ခေါ်မှု တစ်ခု ဖြစ်လာကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်၊ အစ္စရေးတို့နှင့် ဖြစ်ပွားနေသော စစ်ပွဲကို အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန်အတွက် ကြားခံ စေ့စပ်ပေးသူများနှင့် ဆက်သွယ် ပြောဆိုမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနများက ဖော်ပြခဲ့ချိန်တွင် ယခုတိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

ဒေသတွင်း တာဝန်ရှိသူ တစ်ဦးကမူ အီရန်သည် အမေရိကန်နှင့် ဆွေးနွေးပွဲများ ပြန်မစမီ လက်ဘနွန်နိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးကို အရင်ဆုံး အကောင်အထည်ဖော်ရန် လိုလားနေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ ဆွေးနွေးညှိနှိုင်းမှုများ ဆက်ရှိနေဆဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အီရန်ခေါင်းဆောင် တစ်ဦးကို တွေ့ရစဉ်

ဆွေးနွေးပွဲများသည် သီတင်းပတ် ပေါင်းများစွာကြာအောင် ကြန့်ကြာနေခဲ့ပြီး ပင်လယ်ကွေ့ဒေသအတွင်း အပြန် အလှန် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ စစ်ဆင်ရေး အရှိန်မြင့်လာမှုတို့ကြောင့် ဆွေးနွေးပွဲ ကြိုးပမ်းမှုများအပေါ် ဖိအားများ ဖြစ်စေခဲ့သည်။

အီရန်သည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်း၏ ၅ ပုံ ၁ ပုံ ဖြတ်သန်းသည့် ဟော်မုဇ်ရေလက်ကြားကို ဆက်လက် ပိတ်ဆို့ထားဆဲဖြစ်ပြီး အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများကို ဆက်လက် ပိတ်ဆို့ထားဆဲ ဖြစ်သောကြောင့် ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းများ မြင့်မားနေဆဲဖြစ်ကာ ပဋိပက္ခ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ကို အခြားနိုင်ငံများပါ ပြင်းထန်စွာ ခံစားနေရသည်။

ထိုအချိန်အတောအတွင်း အီရန် ဒရုန်းယာဉ်များ၏ ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံ၏ အဓိက လေဆိပ်သည် ဆိုးရွားစွာ ပျက်စီးသွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ရပြီးနောက် ကူဝိတ်အစိုးရက ထိုလေဆိပ်ကို ဇွန်လ ၃ ရက်တွင် နာရီအနည်းငယ်ကြာ ပိတ်ထားခဲ့ရသည်။

ကူဝိတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ခရီးသည်တင် အဆောက်အအုံကို ရန်သူ့ ဒရုန်း အများအပြားက ပစ်မှတ် ထား တိုက်ခိုက်ခဲ့သဖြင့် အဆောက်အအုံ ဆိုးရွားစွာ ပျက်စီးသွားပြီး လူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ကူဝိတ် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဆော့ဒ် အဗ္ဗဒူလာဇစ် အလ်-အိုတိုင်ဘီ (Saud Abdulaziz Al-Otaibi) က ပြောကြားခဲ့သည်။

အီရန်နိုင်ငံသည် ကူဝိတ်နိုင်ငံသို့ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့သော်လည်း  လေထဲမှာပင် ပျက်စီးသွားခဲ့ကြောင်း၊ ကူဝိတ်နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို ပစ်မှတ်ထားသည့် ဒရုန်းများကို ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့သည်။

 ပါရှန်းပင်လယ်ကွေ့ကို တွေ့ရစဉ်

ထို့ပြင် အမေရိကန်ရေတပ်၏ အမှတ် ၅ ရေတပ်အုပ်စု အခြေစိုက်ရာ ပင်လယ်ကွေ့နိုင်ငံဖြစ်သော ဘာရိန်းနိုင်ငံကို ပစ်မှတ်ထားသည့် ဒုံးကျည်များကိုလည်း အမေရိကန်နှင့် ဘာရိန်းတပ်ဖွဲ့များက ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

ဘာရိန်းကာကွယ်ရေးဝန်ကြီးဌာနကလည်း အီရန်ဘက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည် ၃ စင်းနှင့် ဒရုန်းအချို့ကို ၎င်းတို့စစ်တပ်က ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ ဘာရိန်းနှင့် ကူဝိတ်နိုင်ငံတို့အပေါ် တိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် ဟော်မုဇ်ရေလက်ကြား အတွင်းရှိ ကက်ရှမ်ကျွန်း (Qeshm Island)ပေါ်ရှိ အီရန်၏ စစ်ဘက်ဆိုင်ရာ မြေပြင်ထိန်းချုပ်ရေး စခန်းတစ်ခုကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကမူ ၎င်းတို့အနေဖြင့် အမေရိကန်ရေတပ်၏ အမှတ် ၅ ရေတပ်အုပ်စုဌာနချုပ် နှင့် အခြားနိုင်ငံတစ်ခုရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ကူဝိတ်နှင့် ဘာရိန်းနိုင်ငံများ၏ အမည်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။

Source: အေပီ