CNI International News

တီဟီရန်၊ မေလ ၂၈

ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်ပစ်မှတ်များကို အမေရိကန်က တိုက်ခိုက်ခဲ့ခြင်းကြောင့် အမေရိကန်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း အီရန်က မေလ ၂၆ ရက်တွင် ပြောကြားခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုလုပ်ရပ်သည် စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမှုများအား ပိုမိုရှုပ်ထွေး သွားစေနိုင်သည်။

အစ္စရေးကလည်း မေလ ၂၆ ရက်တွင် လက်ဘနွန်နိုင်ငံကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၁၂၀ ကျော် ပြုလုပ်ခဲ့သဖြင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ပိုမိုခက်ခဲ ရှုပ်ထွေးစေခဲ့သည့် နောက်ထပ် အကြောင်းရင်း တစ်ခု ဖြစ်လာခဲ့သည်။

အစ္စရေးသည် သီတင်းပတ်များစွာအတွင်း လက်ဘနွန်ကို အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း လက်ဘနွန် လုံခြုံရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အီရန်နိုင်ငံကမူ မည်သည့် သဘောတူညီချက်တွင်မဆို လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုများကို ရပ်တန့် ရမည်ဟု တောင်းဆိုထားသည်။

လေကြောင်းတိုက်ခိုက်ခံရစဉ်

မေလ ၂၆ ရက် အစောပိုင်းက အီရန်တောင်ပိုင်း ဟော်မုဇ်ဂန် (Hormozgan)  ပြည်နယ်အတွင်း ပြုလုပ်ခဲ့သည့် အမေရိကန်၏ တိုက်ခိုက်မှုများသည် သီတင်းပတ် ၇ ပတ်နီးပါးခန့် ကြာမြင့်နေပြီဖြစ်သော အပစ်အခတ်ရပ်စဲရေး ကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အမေရိကန်ဘက်ကမူ ၎င်းတို့၏ တိုက်ခိုက်မှုများသည် အီရန်၏ ဒုံးကျည်စခန်းများနှင့် ရေမြှုပ်မိုင်းများထောင်ရန် ကြိုးပမ်းနေသည့် အီရန်သင်္ဘောများကို ပစ်မှတ်ထားသည့် ခုခံကာကွယ်မှုသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

အီရန်ပဋိပက္ခကို ရပ်တန့်ရန် သဘောတူညီချက် တစ်ခုရရှိရန် ရက်အနည်းငယ် ကြာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို (Marco Rubio) က ပြောကြားခဲ့ပြီးနောက် ထိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခင်က အီရန်နှင့် အမေရိကန်ကြား တိုက်ခိုက်မှုများကို အဆုံးသတ်ရန်နှင့် ဟော်မုဇ် ရေလက်ကြားမှတဆင့် သင်္ဘောများ ပြန်လည်ဖြတ်သန်း သွားလာနိုင်ရန် ကနဦး သဘောတူညီချက်တစ်ခု ရရှိတော့မည့် အရိပ်အယောင် များ ထွက်ပေါ်ခဲ့သည်။

 အီရန်နိုင်ငံအတွင်း တစ်နေရာကို တွေ့ရစဉ်

အဆိုပါ သဘောတူညီချက် မူကြမ်းတွင် နိုင်ငံတကာ၌ ပိတ်ဆို့ခံထားရသည့် အီရန်၏ ဒေါ်လာဘီလျံချီ တန်ဖိုးရှိ သော ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ပေးရန် အီရန်ညှိနှိုင်းရေးမှူးများက ဖိအားပေး တောင်းဆိုခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် စစ်ပွဲ စတင်ဖြစ်ပွား ခဲ့ပြီးနောက် ကမ္ဘာ့ရေနံထောက်ပံ့မှုကို တုံ့ဆိုင်းသွားစေခဲ့ကာ လောင်စာဆီ၊ မြေဩဇာနှင့် စားသောက်ကုန် စျေးနှုန်း များကို မြင့်တက်စေခဲ့သည်။

ယခင်က ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ကုန်သွယ်မှု၏ ၅ ပုံ ၁ ပုံခန့်ကို သယ်ယူပို့ဆောင်ပေး နေသည့် ဟော်မုဇ်ရေလက်ကြားမှတဆင့် ကုန်စည်စီးဆင်းမှုသည် စစ်ပွဲ စတင်ပြီးနောက်ပိုင်း ကုန်စည်စီးဆင်းမှု အနည်းငယ်သာ ရှိခဲ့သည်။

မေလ ၂၆ ရက်တွင် ကမ္ဘာ့ရေနံစျေးနှုန်း အညွှန်းကိန်းဖြစ်သော Brent crude ၏ ရေနံ ကြိုပွိုင့် ရောင်းဝယ်မှု စျေးနှုန်းသည် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်သို့ ရောက်ရှိခဲ့သည်။

Source: ရိုက်တာ