CNI International News

ဝါရှင်တန်၊ ဇွန်လ ၁၈

အမေရိကန်-အီရန် မူဘောင်သဘောတူညီချက်တွင် အီရန်နိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ရည်ရွယ်ပြီး ဒေါ်လာ ၃၀၀ ဘီလျံတန်ဖိုးရှိ ပုဂ္ဂလိက ရန်ပုံငွေတစ်ရပ် ထူထောင်ရန် လျာထားကြောင်း The Japan Times မှ ဖော်ပြခဲ့သည်။

ထို ဒေါ်လာ ၃၀၀ ဘီလျံ၏ ထက်ဝက်ကျော်ကို စိုက်ထုတ်ရန် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း ထိုအကြောင်းအရာကို တိုက်ရိုက် သိရှိနားလည်ထားသည့် သတင်းရင်းမြစ် တစ်ခုက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်တို့သည် ဇွန်လ ၁၉ ရက်တွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ပြင်ဆင်နေကြပြီး ထိုရန်ပုံငွေ အစီအစဉ်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို အဆုံးသတ်ရန်၊ အီရန် အပေါ် အမေရိကန်၏ ပိတ်ဆို့ထားမှုကို ရပ်ဆိုင်းရန်နှင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ အဓိက သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန် မူဘောင် သဘောတူညီမှု ရရှိခဲ့ ကြကြောင်း အမေရိကန်နှင့် အီရန် တာဝန်ရှိသူများက ဇွန်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ယခု ရန်ပုံငွေ အသစ်သည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အစီအစဉ် တစ်ခုသာဖြစ်ပြီး ပြန်လည်ထူထောင်ရေး သို့မဟုတ် စ-စ်လျော်ကြေးပေးသည့် အစီအစဉ် မဟုတ်ကြောင်း၊ ထို့ပြင် အမေရိကန်အစိုးရ၏ ငွေကြေး သို့မဟုတ် ထောက်ပံ့ ကြေးများ တစ်စုံတစ်ရာ ပါဝင်မည် မဟုတ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

အလားတူ အမေရိကန်၊ ပင်လယ်ကွေ့ အာရပ်နိုင်ငံများ၊ အာရှ၊ တောင်အမေရိကနှင့် အာဖရိကတို့တွင် အခြေစိုက် သည့် ကုမ္ပဏီများက ငွေကြေး ပါဝင်စိုက်ထုတ်ရန် သဘောတူညီထားကြကြောင်း ၎င်းက ပြောသည်။

ကတိပြုထားသည့် ရင်းနှီးမြှုပ်နှံမှုများတွင် စွမ်းအင်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင် ရေးကဏ္ဍများ ပါဝင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အီရန်သတင်းရင်းမြစ် တစ်ခု၏ ပြောကြားချက်အရ အီရန်အစိုးရသည် တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အမေရိကန်ထံမှ စ-စ်လျော်ကြေးအဖြစ် ဒေါ်လာ ၄၀၀ ဘီလျံ တောင်းခံခဲ့သော်လည်း အမေရိကန်က ပေးအပ်မည် မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်ဟု သိရသည်။

အီရန်နိုင်ငံအတွင်း တွေ့ရစဉ်

ထို့နောက် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဟု အမည်ပေးမည့် အဆိုပါ ရန်ပုံငွေဆိုင်ရာ အစီအစဉ်သစ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ထိုလုပ်ငန်းစဉ်အရ ဒေသတွင်းနိုင်ငံများက နည်းလမ်း အမျိုးမျိုးဖြင့် ပါဝင်ပံ့ပိုးကြရန် ရည်မှန်းထားကြောင်း အီရန်သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ထိုပံ့ပိုးမှုများတွင် ချေးငွေများ ရယူပေးခြင်း၊ တိုက်ပွဲအတွင်း ပျက်စီးသွားခဲ့သည့် Mobarakeh သံမဏိစက်ရုံ (Mobarakeh Steel complex)၊ ရေနံချက်စက်ရုံများ၊ လေဆိပ်များနှင့် ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည် တည်ဆောက်ရေးအတွက် တိုက်ရိုက်ငွေကြေးစိုက်ထုတ်ပေးခြင်းတို့ ပါဝင်သည်။

အရှေ့အလယ်ပိုင်းဒေသ၏ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံများထဲတွင် ပါဝင်သည့် အီရန်သည် အမေရိကန်နှင့် နိုင်ငံတကာ၏ ဆက်တိုက် ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စျေးကွက်များမှ ဖယ်ကြဉ် ခံထားရသဖြင့် ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း သိသာထင်ရှားသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို လုံးဝနီးပါး ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ပေ။

Source: The Japan Times