CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈

မြန်မာနိုင်ငံတွင် တရုတ်နှင့် အိန္ဒိယတို့ အကောင်အထည်ဖော်နေသည့် စီမံကိန်းများရှိရာ ဒေသများ၌ တိုင်းရင်းသားလက်နက်ကိုင်များ အသီးသီး လှုပ်ရှားနေကြခြင်းကို တရုတ်-အိန္ဒိယ-မြန်မာ ပူးပေါင်း၍ ဘယ်လို ထိန်းချုပ်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

မြန်မာနိုင်ငံတွင် တရုတ်၏ အဓိက မဟာဗျူဟာမြောက် စီမံကိန်းကြီးများသည် ရခိုင်ပြည်နယ်၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ကို ဖြတ်သန်းသွားရခြင်းဖြစ်ကာ ထိုလမ်း ကြောင်းများ၌  UWSA, MNDAA, TNLA, SSPP, KIA, PDF နှင့် AA တို့ ထိန်းချုပ်လှုပ်ရှား ကြသည်။

ထို့ပြင် အိန္ဒိယ၏ စီမံကိန်းဖြစ်သည့် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးလမ်း စီမံကိန်းတို့သည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အတွင်း ပါဝင်နေပြီး ထိုဒေသများတွင် AA, CNF,CDF,SNA တို့အပြင် နာဂနှင့်ကသည်း လက်နက်ကိုင် ထိန်းချုပ် လှုပ်ရှားလျက် ရှိကြသည်။

မြန်မာနိုင်ငံ၏ အရှေ့မြောက်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် အများစုသည် တရုတ်၏ ဩဇာနှင့် မကင်းကြောင်း၊ ၎င်းတို့ တိုက်ခိုက်နိုင်နေခြင်းသည် တရုတ်၏ ထောက်ပံ့ကူညီမှုများကြောင့်သာ ဖြစ် ကြောင်း၊ ထို့ကြောင့် တရုတ်သည် ၎င်းတို့အပေါ်၌ ကျေးဇူးခံ၊ ကျေးဇူးစားဖြစ်သည်ဟု ခန့်မှန်း၍ရ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

 တရုတ်-အိန္ဒိယရဲ့ မြန်မာနိုင်ငံအတွင်းက စီမံကိန်းတွေကို တွေ့ရစဉ်

၎င်းက “တကယ်လို့ သူနဲ့ ကျေးဇူးခံ၊ ကျေးဇူးစား မဟုတ်ဘူး၊ သူ့ရဲ့ ထောက်ပံ့ကူညီမှုတွေ မပါဘဲနဲ့ တိုက် နိုင်တာဆိုရင် ဟိုအဖွဲ့တွေက ဘယ်လက်ခံမလဲ။ အခုက သူပြောမှရတယ်၊ သူပြောလို့ရှိရင် အောင်မြင် တယ်ဆိုတဲ့ဟာကို ကြည့်လိုက်ခြင်းအားဖြင့် တရုတ်ရဲ့ proxy တွေပဲဆိုတာ မှန်းလို့ရတယ်။ မှန်းလို့ရ တော့ သူ့အနေနဲ့ကတော့ အဲဒီဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေပဲ ထိန်းချုပ်ထားထား၊ အစိုးရ တပ်ပဲ ထိန်းချုပ်ထားထား ပြဿနာမရှိဘူး။ အစိုးရက တက်တက်ကြွကြွ အကောင်အထည် ဖော်ဖို့ပဲလို တယ်။ အနောက်ဘက် အိန္ဒိယဘက်မှာကြတော့ အစိုးရနဲ့အဆင်ပြေပေမယ့် လက်ရှိမြေပြင်မှာ ထိန်းချုပ် ထားတာက AA တို့၊ CNA တို့၊ ချင်းလက်နက်ကိုင်တွေ ဖြစ်နေတဲ့ အခါကြတော့ အစိုးရအနေနဲ့ လုံခြုံရေး အရ အာမခံချက် မပေးနိုင်ဘဲနဲ့ အိန္ဒိယကို သွားပြီးတော့ ဖိတ်ခေါ်တဲ့သဘောက ခင်ဗျားတို့ အဆင်ပြေ အောင် ကိုယ့်ဘာသာကိုယ် ကြည့်လုပ်ဆိုတဲ့သဘော။ ကျနော်တို့က အပေါ်ကနေပြီး တရားဝင် ဒီလုပ်ငန်းတွေကို ခွင့်ပြုမယ်ဆိုတဲ့ဟာကို အချက်ပြလိုက်တယ်လို့ အဓိပ္ပါယ်ရတယ်။ အောက်မှာကတော့ ခင်ဗျားတို့ အဆင်ပြေအောင် ကြည့်လုပ်ကြပေါ့ဆိုသလိုပဲ။ ဘာလို့ဆို AA ကလည်း ပြောထားတာ ရှိတာ ကို။ အိန္ဒိယကနေ လာပြီးဖော်ဆောင်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ရင် အကာအကွယ် ပေးပါ့မယ်ဆိုတဲ့ ဟာကို ပြောထားတာရှိတယ်။ အဲဒီတော့ အကာအကွယ် ပေးမယ်ဆိုတဲ့ နောက်ကွယ်မှာတော့ အပေး အယူတော့ ရှိမှာပေါ့နော်။ အဲဒါကို ဦးမင်းအောင်လှိုင်က သိရက်နဲ့သွားပြီးတော့ ဖိတ်ခေါ်တယ်။ လာလုပ်ပါ လို့ဆိုတဲ့ အဓိပ္ပါယ်က ခင်ဗျားအောက်မှာ အဆင်ပြေအောင် ကြည့်လုပ်ပါ၊ ရပါတယ်ဆိုတဲ့ သဘော ဖြစ် နေတယ်။ အရှေ့မြောက် စစ်ဒေသကတော့ ပြောစရာမလိုဘူး။ တရုတ်ကလည်း အောက်ခြေမှာ ဘယ်သူ ထိန်းချုပ်ထားတယ် ဘာညာ သူက ဂရုကိုမစိုက်ဘူး။ သူက ရတယ်၊ အထက်က စီမံကိန်းစပြီး ဟိုဟာဖြစ် ပြီဆိုရင် မီးစိမ်းသာပြလိုက် သူဝင်ပြီးတော့ လုပ်မယ်၊ သူအဲဒီလို အဆင်သင့်ဖြစ်ပြီးသား။ ဒါကြောင့် ဒီတစ် ခေါက်ကတော့ လက်တွေ့လုပ်ဖို့အတွက် တရုတ်ကတော့ တွန်းအားပေးလိမ့်မယ်၊ ဆွေးနွေးလိမ့်မယ်လို့ ထင်တယ်” ဟု ပြောသည်။

လက်ရှိတွင် အိန္ဒိယ၏ ကုလားတန်စီမံကိန်း လမ်းကြောင်းတစ်ခုလုံးကို အဓိက စိုးမိုးထားသည်မှာ AA ဖြစ်ပြီး နယ်စပ်ကုန်းလမ်းပိုင်းတွင်မူ ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ရှိနေသဖြင့် စီမံကိန်း လုံခြုံချောမွေ့စေရန် ၎င်းတို့အဖွဲ့များအား မဖြစ်မနေ ထိတွေ့ဆက်ဆံမှု ပြုလုပ်ရမည်ဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

အိမ်နီးချင်းနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရမည်ဖြစ်ကာ အိန္ဒိယ နိုင်ငံဘက်မှ AA အား ဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်လာစေရန် ဆောင်ရွက်မည်လား သို့မဟုတ် အင်အားချိနဲ့ သွားအောင် လုပ်ဆောင်မည်လားကိုမူ မဖြစ်မနေ စဉ်းစားရမည်ဖြစ်ကြောင်း မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့မှ အကြံပေး ဦးညိုအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များကို တွေ့ရစဉ်

၎င်းက “နောက်တစ်ခုကလည်း ကျနော်တို့ အခုအိန္ဒိယနိုင်ငံဆိုရင် ကုလားတန်မြစ်ဝှမ်းနဲ့ စစ်တွေ ပင်လယ်ထွက်ပေါက်ကို  အသုံးချရမှာဖြစ်တယ်။ အဲဒီအသုံးချရမှာ ဖြစ်တဲ့အတွက် လက်ရှိ AA နဲ့ ဖြစ်နေ တဲ့ ပဋိပက္ခမှာ AA အတွက် ဆွေးနွေးပွဲ (သို့မဟုတ်) အင်အားချိနဲ့သွားအောင် အိန္ဒိယအစိုးရက မဖြစ်မနေ စဉ်းစားရမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ချစ်ခြင်း၊ မုန်းခြင်း မဟုတ်ပါဘူး။ သူ့ရဲ့အကျိုးစီးပွားပါ။ အဲဒီတော့ ဒီကုလားတန်မြစ်ဝှမ်း စီမံကိန်းမရှိရင် ဥပမာအားဖြင့် ပလက်ဝပေါ့နော်။ ပလက်ဝမှာ လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်ထားမယ်ဆိုရင် ဒါက သွားလို့မရတဲ့ လမ်းတစ်ခုဖြစ်တယ်။ နောက်တစ်ခုက နှစ်နိုင်ငံ နီးစပ်နေတဲ့အတွက် အချုပ်အခြာအာဏာကို လေးစားရမယ်။ တရုတ်သည်ဖြစ်စေ၊ အိန္ဒိယသည် ဖြစ်စေ၊ အဲဒီအတွက်ကြောင့် သူတို့က လက်နက်ကိုင် အင်အားစုတွေနဲ့ တိုက်ရိုက် တရားဝင် ဆက်ဆံခွင့် မရှိပါဘူး” ဟု ပြောသည်။

လက်ရှိတွင် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးသည် ၎င်းတို့၏ အဓိကကျသော စီမံကိန်းများအား အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် မြန်မာအစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသည်။

တရုတ်နိုင်ငံသည် စီးပွားရေး ပိတ်ဆို့မှုနှင့် နယ်စပ်ဖိအားကိုသုံးပြီး EAO များကို အကြပ်ကိုင် ထိန်းချုပ်နိုင် ကာ အိန္ဒိယနိုင်ငံကမူ အိမ်နီးချင်းကောင်း ဆက်ဆံရေး၊ နယ်စပ်ခိုလှုံခွင့်နှင့် စီမံကိန်းလုပ်ပိုင်ခွင့် ညှိနှိုင်းမှု နည်းလမ်းများသုံးပြီး EAO များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရယူနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲ ခတ်များက သုံးသပ်ကြသည်။

လတ်တလောတွင် သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိလည်းကောင်း၊ တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်ထိ သွားရောက်၍ သမ္မတရှီကျင့်ဖျင် အပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဖြင့် တွေ့ဆုံ ဆွေးနွေးထားသည်။