CNI Exclusive Interview

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅

မြန်မာနိုင်ငံသည် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရ တစ်ရပ်ပေါ်ပေါက်လာခဲ့ပြီးဖြစ်သည်။

ထို့နောက် သမ္မတ ဦးမင်း‌အောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ အိန္ဒိယသမ္မတ၊ အိန္ဒိယပြည်ပရေးရာဝန်ကြီး၊ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်၊ အိန္ဒိယစီးပွားလုပ်ငန်းရှင်များဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

တခြားတစ်ဖက်မှာလည်း တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်ရန် စီစဉ်ထားသည်။

လက်ရှိမှာလည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ နေပြည်တော်သို့ လာရောက်၍ သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့၏ အကြံပေး ဦးညိုအုန်းမြင့်ကို CNI သတင်းဌာနက တွေ့ဆုံ မေးမြန်းထားသည်။

မေး ။      ။ တရုတ်နဲ့မြန်မာကြားမှာ နှစ်နိုင်ငံစီးပွားရေးစင်္ကြံတွေ စီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည် ဖော်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့အတူပေါ့ တရုတ်ဘက်ကနေ မြန်မာကို နိုင်ငံရေးအပြင် တခြားသော ထောက်ပံ့ မှုတွေနဲ့ရော အလဲအလှယ် လုပ်လာနိုင်ပါသလား။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဦးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးစဉ်

ဖြေ ။       ။ လဲလှယ်တယ်ဆိုတာထက် ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး တိုးလာမှာပေါ့။ ကျ‌နော်တို့ ဥပမာအားဖြင့် ရထားလမ်းဖောက်ဖို့ဆိုရင် ဒါက ကျနော်တို့က ပိုက်ဆံတစ်ပြားမှ စိုက်ထုတ်တာ မဟုတ်ဘူး။ ဒါပေ မယ့် ကျနော်တို့မှာ အကျိုးအမြတ်က ရထားတစ်စင်းဖြတ်တိုင်း ယွမ်ဘယ်လောက် ရမလဲဆိုတာ ကျနော်တို့ အများကြီးရှိပါတယ်။ 

ဒါပေမယ့် အဲဒီလိုမျိုး စီမံကိန်းကြီးတွေ မဟာဗျူဟာကျတဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေးအတွက် အင်မတန်အရေးပါ တဲ့ လုပ်ငန်းတွေမှာ စီမံကိန်းတစ်ခု စတော့မယ်ဆိုရင် စီမံကိန်း စနိုင်တဲ့အနေအထား ရှိလား၊ မရှိလားဆိုတာ နံပါတ်တစ် ကြည့်ရမယ်။ နံပါတ်နှစ်က ကျနော်တို့ ဝန်ကြီးဌာနတွေပေါ့။ ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်မှုကလည်း စိန်ခေါ်မှုတစ်ခုလို့ ကျနော်ထင်ပါတယ်။ အဲဒီတော့ ဒီလိုမျိုး စီမံကိန်းစဖို့အတွက်က တရုတ်အစိုးရကတော့ ခုနက ကျနော်ပြောသလိုပဲပေါ့။ အိန္ဒိယနဲ့ တရုတ်တို့က နှင်းဆီပန်းပေးတဲ့ ဆွဲဆောင်မှုပေါ့နော်။ ဒီလိုမျိုးသူတို့ သုံးပါလိမ့် မယ်။

အဲဒီတော့ အိန္ဒိယကလည်း ဥပမာအားဖြင့် ပဲတွေဆိုရင် ကျနော်တို့ဆီက ဝယ်ပေးမယ်ပေါ့နော် ပဲစင်းငုံတို့၊ ရှိသမျှ ပေါ့။ အဲဒီတော့ ကျနော်တို့က ကုန်ချောထုတ်ဖို့၊ ကျနော်တို့က ရှိတဲ့ပဲကို စိုက်လိုက်ရော။ စိုက်ပြီးတော့ အိန္ဒိယကို ခဲပါလည်းရောင်း၊ ဘာပါလည်းရောင်းပေါ့။ အဲဒီတော့ ကျနော်တို့ကလည်း ကုန်ချောမြင့်စီမံကိန်းကို စဉ်းစားသင့် တယ်။ ပြီးတော့ တရုတ်နဲ့ပတ်သက်ရင်တော့ ခုနကပြောသလိုပဲ ဒီစီမံကိန်းတွေကြောင့် ဘေးကမှာ ရလာမယ့် ရင်းနှီးမြှုပ်နှံမှုတွေ၊ နောက်တစ်ခါ SME Business တွေ အသေးစား၊ အလတ်စားပေါ့နော်။ အဲဒီတော့ အဲဒါတွေ အများကြီး ဟိုတယ်တွေ ဖြစ်လာမယ်၊ KTV တောင်ဖြစ်လာဦးမှာ။ ဒီလမ်းခရီးတွေမှာဆိုရင်။ 

အဲဒီတော့ လုပ်ငန်းတွေ ဖြစ်လာမယ်။ ရင်းနှီးမြှုပ်နှံမှုက တဆင့် အစွယ်အပွားတွေက အများကြီးဖြစ်လာမယ်။ ကျနော်တို့က rule of law ကိုလည်း ထိန်းရမှာပေါ့နော်။ အထူးသဖြင့်ကတော့ နိုင်ငံခြားသားတွေ ဗမာပြည်မှာ လာလုပ်တယ်ဆိုရင် ကျနော်တို့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမယ့်၊ ကျနော်တို့ရဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့ ဥပဒေတွေကလည်း အစိုးရဘက်ကနေ စဉ်းစားထားသင့်တယ်လို့ ထင်ပါတယ်။

မေး ။      ။ တရုတ်အနေနဲ့ဆိုရင်တော့ မြောက်ပိုင်းအဖွဲ့မှာ ဩဇာလွှမ်းမိုးမှုရှိတယ်ပေါ့လေ။ ဆိုတော့ သူ့စီမံကိန်း တွေ ပြန်စဖို့၊ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့အတွက်က အနှေးနဲ့အမြန် အကောင်အထည် ဖော်နိုင်မယ်ပေါ့။ ဒါပေမယ့် အိန္ဒိယဘက်ကဆိုရင် ရခိုင်နဲ့ ချင်းကြားမှာ ပဋိပက္ခတွေ ဖြစ်နေတာဆိုတော့ အိန္ဒိယဘက်က အဲဒီဘက်ကို ဘယ်လို မျိုး ထိန်းညှိသင့်မလဲ။

ဖြေ ။      ။ အိန္ဒိယက အခုလောလောဆယ်မှာ ကျနော်ကြားရသလောက် စွပ်စွဲချက်တွေလည်း တွေ့တယ်။ AA ကို လက်နက် ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နော်။ ထောက်ပံ့တယ်လို့ ကျနော်တို့ မကြားဘူး။ စွပ်စွဲချက်တွေတော့ ကျနော်တို့ တွေ့တယ်။ နောက်တစ်ခါ လူသားချင်းစာနာတာတွေ ပေးတယ်။ ဥပမာအားဖြင့် နောက်တစ်ခုက အာသံတို့၊ မဏိပူရ်တို့မှာရှိတဲ့ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက ကျနော်တို့ ချင်းတွေနဲ့ တူတူပဲ ချင်း လူမျိုးတွေနဲ့ တူတူပဲ။ 

အဲဒီတော့ မဏိပူရ်တို့၊ နာဂလန်းတို့မှာ ရှိတဲ့လူတွေရဲ့ ဆက်သွယ် ဆောင်ရွက်မှုကတော့ ထိန်းဖို့ခက်မှာပေါ့။ ဒါပေမယ့် သူက စစ်ရေးဆိုတာက ကျည်ဆံ ရှိရုံနဲ့တိုက်လို့မရဘူး။ သူက ရိက္ခာလိုမယ်၊ ဒဏ်ရာရတဲ့လူကို ကုသဖို့ လိုမယ်။ တကယ်လို့ အိန္ဒိယဘက်က ဒဏ်ရာရတဲ့လူကို ကုသမပေးဘူး၊ ဘင်္ဂလားဒေ့ရှ်က ကုသမပေးဘူးဆိုရင် စစ်ရေးအရ တိုက်ဖို့ခက်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနဲ့ သမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံစဉ် 

မေး ။      ။ ပြီးတော့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုဆိုရင် လျှပ်စစ်မီး ပြတ်လပ်မှုပေါ့လေ။ နှစ်နိုင်ငံအကြား ဆက်ဆံရေးကနေ၊ စီမံကိန်းတွေကနေ မြန်မာပြည်အတွက် လျှပ်စစ်မီးနဲ့ပတ်သက်ပြီး ဘယ်လို အထောက်အပံ့တွေ ရလာနိုင်မလဲ။

ဖြေ ။      ။ တကယ့် လျှပ်စစ်မီးပြတ်တောက်တာ ဘယ်နိုင်ငံနဲ့မှ မဆိုင်ပါဘူး။ ကျနော်တို့ ပြဿနာပါ။ ဘာကြောင့် လဲဆိုတော့ သတင်းအမှားတွေပေါ့။ သတင်းအမှားတွေနဲ့ နောက်တစ်ခုက နိုင်ငံရေးအကုန်လုံးက တကယ့်တကယ် ကျနော်တို့တိုင်းပြည် အခုလာအိုဆိုရင် မီးက သူများကို ပြန်ရောင်းနေပြီ။ ကျနော်တို့တိုင်းပြည်ဆို မီးပျက်နေတယ်။ မီးပျက်ရတဲ့ အဓိကပြဿနာက နိုင်ငံရေးပြဿနာပါ။ အဲဒီတော့ နိုင်ငံရေးပြဿနာ ညှိနှိုင်းမှု မရတဲ့အတွက် စစ်ရေး ပါလာတယ်ပေါ့။ 

အခု ကျနော်တို့တိုင်းပြည်မှာ မီဂါဝပ် ၂၀၀၀ ကျော်ပဲ လူတွေကို ဖြည့်ဆည်းပေးနိုင်တယ်။ အရင်တုန်းကတော့ ၄၀၀၀ ကျော်လောက် ထွက်တယ်။ ၂၀၀၀ ကျော်ကတော့ ပဋိပက္ခကြောင့် ပျက်စီးသွားတဲ့ အပိုင်းတွေပေါ့။ အဲဒီ တော့ ဒီလိုငြိမ်းချမ်းရေး ဖြစ်လာပြီဆိုရင် မဖြစ်မနေ ခုနကပြောတဲ့ ဆွေးနွေးမှုတွေ လုပ်ရတာပေါ့။ မဖြစ်မနေ။ 

အဲဒီနေရာမှာ NSPNC လို အဖွဲ့မျိုးနဲ့ ဆွေးနွေးမှာလား၊ ဒါမှမဟုတ်ရင် တပ်မတော်က တာဝန်ရှိသူတွေနဲ့ လက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီဒေသရဲ့ လုံခြုံရေးအတွက် ဆွေးနွေးမှာလား ဆိုတာတော့ ကျနော်တို့ မသိရသေးဘူးပေါ့။ ဒါပေမယ့် ဖြစ်နိုင်ခြေ အများဆုံးကတော့ ဒီမီးပြဿနာက ဥပမာအားဖြင့် မြစ်ဆုံဆည်ကိစ္စပေါ့နော် ရေအား လျှပ်စစ်ကိစ္စမှာဆိုရင် KIO နဲ့ တပ်မတော်အကြား၊ KIO နဲ့ မြန်မာအစိုးရယ်၊ တရုတ်အစိုးရရယ် ဆွေးနွေးမှုတွေ ရှိလာမယ်လို့ ထင်ပါတယ်။

မေး ။       ။ ဒါဆို အခုဇွန်လအတွင်း သမ္မတဦးမင်းအောင်လှိုင်ရဲ့ သံတမန်ရေး အခင်းအကျင်းကို ကြည့်ခြင်းအား ဖြင့် နွေဦးတော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်မှာပေါ့ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်မလဲ။

ဖြေ ။       ။ အတိုက်အခံတွေအနေနဲ့ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူးဆိုပေမယ့် အခုလောလောဆယ်မှာ သူတို့က ခံစစ်တွေ မဟုတ်ဘဲနဲ့ ခွာစစ်တွေ သုံးနေရတာကို ကျနော်တို့ တွေ့ရတာပေါ့။ အဲဒီတော့ သမ္မတကြီး ဦးမင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲအပြီးမှာ သမ္မတကြီး ဦးမင်းအောင်လှိုင်ကတော့ နည်းနည်း မဟာဗျူဟာ စဉ်းစားပုံရပါတယ်။

သူအဓိက တခြားတိုင်းပြည်တွေ၊ အာဆီယံတောင် သူလက်လွှတ်လိုက်တယ်လို့ ကျနော်ထင်တယ်နော်။ ဒါကျနော့် အမြင်ပါ။ အာဆီယံက ဟာကွာ... ငါတို့တိုင်းပြည်က ရွေး‌ကောက်ပွဲလည်းပြီးသွားပြီ၊ ကြိုက်တာ မကြိုက်တာ တစ်ပိုင်းလေ။ အခုပဲ စုံ/မ ကိစ္စတွေလည်း မေးနေပြီ။ မန္တလေးမှာဆိုရင် မနေ့က ပြည်သူ့စစ်ရှိသင့်၊ မရှိသင့်။ ပြည်သူ့စစ်တွေကနေ အဓမ္မစစ်သားစုဆောင်းတဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ပြည်သူ့အသံ၊ လွှတ်တော်အသံလည်း ရှိနေပြီဆိုတာကြောင့် သူကနေပြီးတော့ အာဆီယံကို သူအဓိက မထားတော့ဘူးလို့ ကျနော့် စိတ်ထဲမှာထင်တယ်။

ပြီးတော့ အခုကျနော်တို့ Bilateral တွေပေါ့နော် လာအိုနဲ့ဆိုရင် ကျနော်ထင်တယ် လျှပ်စစ်စွမ်းအင်ကိစ္စတွေ ပေါ့နော်။ ဆွေးနွေးမယ်လို့ ထင်တယ်။ နောက်တစ်ခါ ထိုင်းနဲ့ဆိုရင် နှစ်နိုင်ငံ အပြန်အလှန်ပါ။ ကျနော်တို့ကလည်း သဘာဝဓာတ်ငွေ့ ရောင်းသလိုပဲ ကျနော်တို့ရဲ့ မြန်မာပြည်သား တရားမဝင်၊ တရားဝင် စုစုပေါင်း ၇ သန်း လောက် ရှိတယ်လို့ သိရပါတယ်။ အဲဒီလိုနေရာမျိုးတွေမှာ ထိုင်းနဲ့ မြန်မာနဲ့ကတော့ ဆက်ဆံရေးက ကောင်းနေဦးမှာပဲ။ 

ငြိမ်းချမ်းရေးဆွေးနွေးကြစဉ်

ဘာလို့လဲဆိုတော့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ပေါ့နော်။ ထိုင်းကိုလည်း ဆန့်ကျင်လို့မရဘူး။ ထိုင်းကလည်း မြန်မာ ကို ဆန့်ကျင်လို့ မရဘူး။ ကျနော်တို့က ထိုင်းနိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းသော လျှပ်စစ်စွမ်းအင်ကို ကျနော်တို့က ရောင်း နေတယ် သဘာဝဓာတ်ငွေ့ကပေါ့ ထုတ်တဲ့ဟာ။ အဲဒီတော့ နှစ်နိုင်ငံ ပဋိပက္ခဖြစ်ခဲ့သော ကျနော်တို့ရဲ့ သူတို့က လူ ၃၀ ရာခိုင်နှုန်းက မီးသုံးခွင့်မရှိတော့ဘူး။ 

ဒီလိုမျိုး အင်မတန် အရေးကြီးတဲ့ အမျိုးသားလုံခြုံရေးပေါ့နော် Energy security sector အရ ကြည့်မယ်ဆိုရင် ထိုင်းနဲ့ ဖြစ်တဲ့အတွက် ဒီအာဆီယံကနေ ကျနော်တို့ကို အိုးမဲသုတ်ရုံ လောက်နဲ့တော့ သမ္မတကြီး ဦးမင်းအောင်လှိုင် က အဲဒီအပေါ်မှာ အချိန် ကုန်မခံတော့ဘူးဆိုတာကို ကျနော် အဲဒီလိုပဲ သုံးသပ်တယ်။ 

ဒါကြောင့် သူ အိန္ဒိယကို အမြန်သွားတယ်။ သူပြင်ဆင်မှုတွေ၊ ချက်ချင်း လက်တန်း ဆုံးဖြတ်သွားတယ်လို့ ရင်းနှီးတဲ့ လူတွေဆီက တဆင့် ကျနော်ကြားပါတယ်။ နောက်တစ်ခု တရုတ်ပြည်ကတော့ သူသေချာ ပြင်ဆင်ထားပါတယ်။ တရုတ်ပြည်မှာ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုအရ ကုန်သွယ်ရေး၊ နောက်တစ်ခါ လုံခြုံရေး ဒီဟာတွေကို သူလိုက်သွားရတဲ့၊ လိုက်သွားကြမှာဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ တရုတ်-မြန်မာ ဆက်ဆံရေးသည် ခုနကပြောတဲ့ အတိုက်အခံ အင်အားစုတွေ အတွက်ကတော့ အာသာဖြေ အိပ်မက် မက်ရုံအဆင့်ဘက်ကို တဖြေးဖြေး လျှော့ချ မယ်လို့ ထင်တယ်။ 

နောက်တစ်ခုက သူတို့ ဆက်ပြီးတော့ အမေရိကန်အစိုးရ အပြောင်းအလဲမှာ ဒါအင်မတန် သိသာထင်ရှားတဲ့ဟာပါ။ အမေရိကန်အစိုးရဘက် သမ္မတအပြောင်းအလဲ သမ္မတကြီးထရမ့် တက်လာတဲ့အချိန်မှာ အတိုက်အခံတွေကို ထောက်ပံ့နေတဲ့ဟာတွေ ရပ်ဆိုင်းသွားတဲ့အတွက် အဲဒီမှာစပြီးတော့ သိသာပါတယ်။ 

ဒီအတိုက်အခံတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့ နည်းနဲ့ဖြစ်စေ၊ စိတ်ဓာတ်ရေးရာဖြစ်စေ လျှော့ချလာတဲ့ ဟာတွေ အတွက်ကြောင့် သမ္မတကြီးတောင် သိပ်လုပ်စရာ လိုမယ်လို့ ကျနော်မထင်ဘူး။ ဒီ ၃ နိုင်ငံရဲ့ ဆုံးဖြတ် ချက်ပေါ့နော်။ 

နောက်တစ်ခါ အာဆီယံထဲမှာ နိုင်ငံတချို့ပဲပေါ့နော် ၂ နိုင်ငံ၊ ၃ နိုင်ငံအပြင် မပိုဘူး။ ကျန်တဲ့ ၇ နိုင်ငံ၊ ၈ နိုင်ငံက တော့ မဖြစ်မနေ မြန်မာနိုင်ငံနဲ့ အကျိုးတူ ဆောင်ရွက်ရမှာ ရှိတယ်။ နှစ်ဖက် ဆက်ဆံရမှာ ရှိတယ်ဆိုတဲ့ လမ်းက သွားမှာဖြစ်တဲ့အတွက် ပထမ ရက် ၁၀၀ လို့ ပြောလို့ရတာပေါ့။ သမ္မတကျမ်းကျိန်ပြီးတော့ ဇူလိုင် ၃၁ ကြားထဲမှာ ကျနော် ဘာမြင်လဲဆိုတော့ သမ္မတကြီး ဦးမင်းအောင်လှိုင်ရဲ့ သံတမန်ရေး စစ်ပွဲတွေ သူတဆင့်ပြီး တဆင့် နိုင်တယ်လို့ ကျနော်အဲဒီလိုပဲ သုံးသပ်ချင်ပါတယ်။

မေး ။       ။ လက်ရှိမှာ NSPNC နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ သူတို့ဆွေးနွေးထားတဲ့ ၄၃ ချက်ကိုက လွှတ် တော်မှာ တင်ပြီး ဆွေးနွေးမယ်လို့ သမ္မတဦးမင်းအောင်လှိုင်လည်း ပြောထားတာ ရှိတာပေါ့။ တချို့က ပြောကြ တာက ၄၃ ချက်က ဘာမှမဟုတ်ဘူးပေါ့ ကြီးကြီးမားမား ဥပဒေတွေမပါဘူး၊ တချို့ကြတော့လည်း ဒီ ၄၃ ချက်မှာ ပြည်သူတွေ သိသင့်တဲ့အချက်လည်းပါတယ်ပေါ့။ ဒါကြောင့် ဒီ ၄၃ ချက်က ဘာတွေပါဆိုတာကို လွှတ်တော်မှာ မတင်ခင် ပြည်သူတွေသိအောင် ချပြသင့်တယ်လို့ ပြောကြတာပေါ့။ ဒါပေမယ့် ဒီ ၄၃ ချက်က ဘာတွေပါလဲဆိုတာ တော့ ဆွေးနွေးတဲ့သူတွေပဲ သိမှာလေ။ ကျမတို့လည်း မသိရဘူး။ ဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီး ပြည်သူတွေသိ အောင် ချပြသင့်သလား။

ဖြေ ။       ။ ကျနော့်အနေနဲ့ ဒါတွေက နည်းနည်းတော့ ကျနော်တို့က တောင်းဆိုမှုတွေပေါ့နော်။ တချို့ကိစ္စတွေ မှာကြတော့ အစိုးရကို တောင်းဆိုသလိုပဲ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကလည်း ကြို မသိစေချင်တဲ့ ဟာတွေလည်း ပါနိုင်ပါတယ်။

နိုင်ငံရေးပါတီတွေ ဆွေးနွေးပြီးတော့ လွှတ်တော်မှာ ဆွေးနွေးတဲ့ အခါကြရင် ၄၃ ချက်က တွေ့မှာဖြစ်ပါတယ်။ နောက်တစ်ခုက ကျနော်တို့ အခု ကျနော်တို့တိုင်းပြည်မှာက သွားလိုက်၊ ရပ်လိုက် နိုင်ငံရေးဆိုလည်း ဒီမိုကရေစီက သွားလိုက် ၅ နှစ်၊ ၅ နှစ်ကနေ ၁၀ နှစ်။ ၁၀ နှစ်မှာ တစ်ခါရပ်သွားလိုက်၊ ၅ နှစ် ရပ်နေလိုက် ပြီးရင် ပြန်စလိုက် အဲဒီ လိုပေါ့နော် ၁၉၄၈ ခု ကျနော်တို့ တိုင်းပြည် လွတ်လပ်‌ရေးရကတည်းက ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်၊ ဘေး ထွက်လိုက် အဲဒီလို သွားတယ်ဆိုတော့ ဒီလိုလွှတ်တော်မှာ တင်တယ် ဆွေးနွေးတဲ့ ကိစ္စတွေက ကျနော့်အနေနဲ့ ကတော့ အပြုသဘော ဆောင်တယ်လို့ ထင်တယ်။ 

လွှတ်တော် ကျင်းပနေစဉ်

နောက်ကျနော်တို့က baby step လို့ ခေါ်မှာပေါ့နော် ကလေးလမ်းလျှောက်သလိုပေါ့။ ချက်ချင်းတော့ မီတာ ၁၀၀ ကို ကမ္ဘာ့စံချိန်တော့ ချိုးနိုင်မယ် မထင်ဘူး။ ကျန်တဲ့နိုင်ငံတွေလိုတော့ ဖြစ်ချင်မှတော့ ဖြစ်မယ်။ ဒါပေမယ့် ကျ‌နော် တို့က တဖြေးဖြေးပဲ သွားပြီးတော့ တရွေ့ရွေ့နဲ့ ကျနော်တို့ ဆက်သွားရမယ်လို့ ထင်ပါတယ်။ ဒီအခက်အခဲတွေ စိန်ခေါ်မှုတွေ ပြဿနာတွေ၊ ကိုယ်လိုချင်တာတွေ မကြိုက်တာတွေ၊ ကြိုက်တာတွေ အများကြီးရှိပေမယ့် ဘာပဲ ပြောပြော လွှတ်တော်မှာ မေးခွန်းတွေ မေးတယ်။ ဖြေတဲ့လူတွေကိုတော့ ကျနော် အားမရဘူး။ ဒါကျနော် ရိုးရိုး သားသား ပြောရရင် အဲဒီတော့ ပြင်လိုက်တဲ့ အခါကြရင် သူက ဥပမာအားဖြင့် ဒီကိစ္စတွေက နိုင်ငံတော် အကြီးအကဲတွေက ဆုံးဖြတ်ဖို့ သူတို့က လမ်း‌ကြောင်း ဖြစ်သင့်တာပေါ့နော်။

အစိုးရအနေနဲ့ ဒီလိုကြီး တုံးတိတိကြီး ငြင်းရတာခက်တာပေါ့။ ဒါနိုင်ငံတော်မူဝါဒ ဖြစ်တယ်ဆိုတော့ နိုင်ငံတော် ဆိုတာ အစိုးရမဟုတ်ပါဘူး။ အစိုးရဆိုတာလည်း နိုင်ငံတော်မဟုတ်ဘူး။ အဲဒါကို ဖြေတဲ့လူတွေရဲ့ စဉ်းစားပုံ စဉ်းစားနည်းကိုတော့ ကျနော် နားမလည်ဘူး။ ဒါပေမယ့် နားထောင်ရတာတော့ နည်းနည်း ကပ်သီးကပ်သပ် နိုင်တာပေါ့။ ဒါပေမယ့် ကျနော်အပြစ် မတင်ဘူး။ ဘာလို့ဆိုအားလုံးက လမ်းလျှောက်တတ်ကာစ ကလေးငယ် တစ်ယောက်လိုပဲ ကျနော်တို့ ရယ်စရာလည်း ကောင်းရင်ကောင်းမယ်။ သူလဲကျရင်လည်း လဲကျနိုင်တယ်။ ဒါပေမယ့် ကျနော်တို့ အားလုံး သူ့ကိုထိန်းပြီး‌တော့ ဆက်လျှောက်ရင် ဘာပဲပြောပြော ရှေ့ကိုရောက်မယ်လို့ ထင်ပါတယ်။

မေး ။       ။ ဒါဆို လက်ရှိ လွှတ်တော်အခင်းအကျင်းမှာ ပြောရမယ်ဆိုရင် လွှတ်တော်အမတ်တွေက ပြည်သူတွေ ဘာလိုချင်တယ်၊ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို သိအောင်လို့ လွှတ်တော်မှာ တင်ပြတယ်ဆိုတော့ လွှတ်တော်အမတ်တွေ အလုပ်လုပ်တယ်လို့ ပြောလို့ရမလား။

ဖြေ ။       ။ လုပ်တာပေါ့။ သူတို့ ဥပမာအားဖြင့် ပြည်ခိုင်ဖြိုး အမတ်တွေလည်း မေးတာပဲလေ။ စကားလုံး အသုံး အနှုန်းကတော့ သူက နည်းနည်း protocol တော့ ဆန်တာပေါ့။ ဒါကို ပြင်ဆင်ရန် ဆန္ဒရှိ၊ မရှိ ဆိုတာထက် ပြည်သူ တွေကတော့ ဒီကိစ္စကို ခင်ဗျားတို့ကို ပြောနေပြီ ဒါကို နိုင်ငံတော်အစိုးရ အနေနဲ့ ဆောင်ရွက်ပေးပါလို့ သူက မပြော ပေမယ့် စကားလုံးကတော့ ကျနော်လည်း လွှတ်တော်ကိုယ်စားလှယ် မလုပ်ဖူးတော့ ကျနော်လည်း မသိဘူးပေါ့ နော်။ 

ဒါပေမယ့် ဒီလိုမျိုး အပြုသဘောဆောင်တယ်၊ ဘာပဲ ပြောပြော လွှတ်တော်ကတော့ လှုပ်နေပြီ။ လွှတ်တော် ကတော့ အလုပ်လုပ်နေပြီ။ အစိုးရပိုင်းက အလုပ်လုပ်ဖို့ လိုတာပေါ့နော်။ ကြိုးနီစနစ်တွေ၊ ကျနော်ကြည့်တယ် ၁၉ လမ်း ကိစ္စပေါ့နော်။ ပြီးခဲ့တဲ့အပတ်က ၁၉ လမ်းကိစ္စ တစ်မြို့လုံး ဆိုင်တွေဖျက်ဆို ဆိုင်တွေဖျက်၊ ဒါကြီးက တကယ့်ကို အထင်ကရလည်း ဖြစ်တယ်၊ လူကြပ်တာပဲပြောပြော၊ တရားမဝင်၊ တရားဝင်တဲ့နေရာ ကျနော်တို့ တိုင်းပြည်မှာ ဘယ်နေရာ များရှိလို့လဲပေါ့နော်။ ဒီလှည်းတန်း ဈေးသွားကြည့်ပါ၊ ဘယ်နေရာပဲ ကြည့်ကြည့် လမ်းမပေါ်မှာ ဈေးရောင်းနေကြတာပဲလေ။ 

ကားလည်းမောင်းလို့ မဖြစ်မနေ ဒီလိုလုပ်ရတယ်ဆိုတော့ ဒါတွေက တ‌ဖြည်းဖြည်း ရှင်းယူရမယ့်ကိစ္စတွေပေါ့။ ဆိုတော့ ဒီမိုကရေစီနိုင်ငံဆိုတာ ဒီမိုကရေစီဆိုတာ အများရဲ့ ဆန္ဒပေါ်မှာ လုပ်ရတာ။ နောက်တစ်ခု အစိုးရဆိုတာ ပြည်သူတွေကို သူက အကျိုးပြုရမယ်။ ပြည်သူတွေကို တာဝန်ခံပြီးတော့ ပြည်သူ့အလုပ်အကျွေး ပြုရမယ့်လူတွေ။ 

သူတို့က ပြည်သူကို အမိန့်ပေးပိုင်ခွင့် တော်တော်ပြဿနာရှိတယ်။ သူတို့ကိုယ်သူတို့ အုပ်ချုပ်သူလို့မြင်ရင် အာဏာရှင် ဖြစ်သွားမှာပေါ့။ ဒီမိုကရေစီဆိုရင် နောက်က ကားချပ်ကြီးအတွက်ကိုတော့ ပြည်သူတွေ လိုအပ်ချက် ကို ဒါပေမယ့် လူတိုင်းတော့ ကျေနပ်နိုင်မှာ မဟုတ်ဘူး။

ဒီမိုကရေစီဆိုတာ အများကြိုက်နိုင်တဲ့ ၅၁ ရာခိုင်နှုန်း လက်ခံနိုင်တယ်ဆိုရင် ဒါလည်း အစိုးရလည်း အလုပ်ဖြစ် တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့် ၉၉ ရာခိုင်နှုန်းက လက်မခံဘူးဆိုရင်လည်း ၁ ရာခိုင်နှုန်းက သူ့အနေနဲ့ ပြန်စဉ်းစားရမှာပေါ့နော်။ အဲဒီတော့ ကျနော်ပြောချင်တာကတော့ baby step နဲ့ သွားနေတဲ့ အချိန်ပေါ့နော်။ ကလေးလမ်းလျှောက်သလို သွားနေတဲ့အချိန်မှာ ဝိုင်းပြီးတော့ ကျနော်တို့အားလုံးက positively ကူပေးမယ်၊ အပြု သဘော ဝေဖန်မယ်၊ အပြုသဘော လက်ခံပေးမယ် အပြုသဘော တွန်းမယ်ဆိုရင် ရှေ့ကိုသွားဖို့ လွယ်မယ်လို့ ကျနော် ထင်ပါတယ်။