CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂
မိမိတို့ မြန်မာနိုင်ငံ အနေဖြင့် တိုးတက်လာလျက်ရှိသည့် အိန္ဒိယနိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်လို ကြောင်း မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ သီးခြား တွေ့ဆုံဆွေးနွေးရာ၌ ၎င်းက ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။
၎င်းက “အိန္ဒိယနိုင်ငံသည် ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားတစ်ခု ဖြစ်လာမည်ဟု အဆွေတော် ပြောကြားခဲ့သကဲ့သို့ မိမိတို့အနေဖြင့် တိုးတက်လာလျက်ရှိသည့် အိန္ဒိယနိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်း” ပြောသည်။
ထို့နောက် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း ပီသစွာဖြင့် အတူယှဥ်တွဲ နေထိုင်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာ ရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး၊ ခရီးသွားလာရေး၊ ယဥ်ကျေးမှုထိန်းသိမ်းရေး၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ဆေးဝါးများ၊ ရေနံနှင့် ရေနံထွက်ပစွည်းများ၊ ချည်မျှင်နှင့်အထည်အလိပ်များ၊ သတင်းအချက်အလက်နှင့် နည်း ပညာများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တာဆီးနှိမ်နင်းရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ နှိမ်နှင်းရေးတို့အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်မှုများ၊ အနာဂတ်ကာလများတွင် နှစ်နိုင်ငံ ပြည်သူများအတွက် ဘုံအကျိုးဖြစ်ထွန်းစေမယ့် ရည်မှန်းချက်များကို ဆက် လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ကျင်းပစဉ်
အိန္ဒိယနိုင်ငံအတွက် မြန်မာပြည်က အရေးကြီးသလို မြန်မာပြည်အတွက်လည်း အိန္ဒိယနိုင်ငံက အရေးကြီး ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အိန္ဒိယနိုင်ငံသည် လက်ရှိကမ္ဘာပေါ်မှာ တိုးတက်ဖွံ့ဖြိုးမှု အားကောင်းသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်ပေါ့ နော်။ အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာတွေမှာပေါ့နော်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခု ဖြစ်လာတယ်ပေါ့နော်။ အဲဒီနိုင်ငံနဲ့ ပူးပေါင်းမယ် ဆိုလို့ရှိရင် မြန်မာနိုင်ငံအနေနဲ့ အကျိုးအမြတ် ရနိုင်တယ်ဆိုတာ ဦးမင်းအောင်လှိုင်ပြော တာ မှန်တယ်ပေါ့နော်။ ပြီးတော့ နောက်တစ်ခုက အိန္ဒိယနဲ့မြန်မာနဲ့ကြားမှာ ကုန်သွယ်မှု ပိုင်းဆိုင်ရာမှာ အကျိုးအ မြတ် ရှိတယ်ပေါ့နော်။ ဆိုလိုတာက ဟိုဘက်ဒီဘက် အဲဒီလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အဲဒီပြည်နယ်တွေကို ကိုင်တွယ် ထိန်းသိမ်းလိုချင်ရင် မြန်မာပြည်နဲ့ မဖြစ်မနေ ပတ်သက်ဖို့လိုတယ်။ အဲဒီအတွက် အိန္ဒိယအတွက် ဗမာ ပြည်က အရေးကြီးတယ်။ အဲဒီလိုပဲ ဗမာပြည်အတွက်ကလည်း အိန္ဒိယက အရေးကြီးတယ်”ဟု ပြောသည်။

အိန္ဒိယ-မြန်မာ ကုလားတန်မြစ် ဘက်စုံစီမံကိန်း ဖော်ဆောင်မှုကိုတွေ့ရစဉ်
နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်တွင် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင် မှုကို အပြန်အလှန် လေးစားရန်၊ အပြန်အလှန် ကျူးကျော် တိုက်ခိုက်ခြင်း မပြုရန်၊ အပြန်အလှန် ပြည်တွင်းရေး တွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်၊ တန်းတူညီမျှ ဆက်ဆံရေးနှင့် အကျိုးခံစားခွင့် ရှိစေရန်၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးကို ကျင့်သုံးရန်တို့ ဖြစ်သည်။
လက်ရှိ၌ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်းနှင့် (၁၁)နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယရင်းနှီးမြှုပ်နှံမှုသူများ အနေနှင့် မြန်မာနိုင်ငံ၏ စက်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးမွေးမြူ ရေးနှင့် ရေလုပ်ငန်းကဏ္ဍများတွင် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်က ပြောသည်။
ထို့နောက် အိန္ဒိယနိုင်ငံသည် ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေးလမ်းကြောင်း ဖော်ဆောင်ရေး အကောင်အထည်ဖော်လျက်ရှိသည်။
