CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန် ၂၃
ဥရောပထိပ်တန်းကလပ်တွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူးအယ်လ်ဗာရက်ဇ်က ဒီနွေရာသီ အပြောင်းအရွှေ့မှာ အက်သလက်တီကိုအသင်းကနေ ထွက်ခွာချင်တယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်က “အခုဟာ ဒီအကြောင်းကိုပြောရမယ့် အချိန်မဟုတ်ပေမယ့် ကျနော်ဒါကို ဖုံးမကွယ် ထားချင်ပါဘူး။ ကျနော်ဟာ အက်သလက်တီကိုအသင်းကလူတွေနဲ့ စကားပြောထားပါတယ်။ အားလုံးအတွက် အကောင်းဆုံးအရာက အပြောင်းအရွှေ့လို့ ကျနော်ထင်ပြီး ကျနော့်ရဲ့အိပ်မက်တွေကို ဖြည့်ဆည်းချင်တယ်”လို့ ESPN ကို ပြောခဲ့တာပါ။
ဘာစီလိုနာ၊ PSG နဲ့ အာဆင်နယ်အသင်းတို့ဟာ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရီးရယ်လ် အသင်းဟာ သူ့အတွက် ယူရိုသန်း ၁၅၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကို အက်သလက်တီကိုအသင်းက ပယ်ချ ထားပါတယ်။

အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်နေတဲ့ အယ်လ်ဗာရက်ဇ်ဟာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ထွက်ခွာခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့နေရာမှာ အစား ထိုးဖို့ အယ်လ်ဗာရက်ဇ်ကို အဓိက ဦးစားပေးအဖြစ် သတ်မှတ်ထားတာပါ။
အက်သလက်တီကိုအသင်းကတော့ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့ကို ဆိုရှယ်မီဒီယာပေါ်မှာ တုန့်ပြန်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်နွေရာသီမှာ မန်စီးတီးအသင်းကနေ ပေါင် ၈၁.၅ သန်းနဲ့ ရောက်လာခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်းအတွက် ၁၀၆ ပွဲကစားထားပြီး ၄၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၇ ကြိမ်ပြုလုပ် နိုင်ခဲ့ပါတယ်။
Source:ESPN
