CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀

ရီးရယ်လ်အသင်းဟာ အာဂျင်တီးနား တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်အတွက် ယူရိုသန်း ၁၅၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းက ပယ်ချခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ရွေးကောက်ပွဲမှာ သူအနိုင်ရရင် ကစားသမားတစ်ဦးကို ယူရိုသန်း ၁၅၀ နဲ့ ကမ်းလှမ်းမယ်လို့ ကတိပြုခဲ့တဲ့အတိုင်း ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာပါ။ 

ဒါပေမယ့် အက်သလက်တီကိုအသင်းဟာ အယ်လ်ဗာရက်ဇ်အတွက် ရီးရယ်လ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၅၀၀ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ရီးရယ်လ်အသင်းက ဒါရိုက်တာ ဘုတ်အဖွဲ့ အစည်းအဝေးအပြီးမှာ အယ်လ်ဗာရက်ဇ်ကို ယူရိုသန်း ၁၅၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အက်သလက်တီကိုအသင်းက သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေးကို ရည်ညွှန်းပြီး ငြင်းပယ်ခဲ့ ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

အယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်

အက်သလက်တီကိုအသင်းကတော့ ရယ်မောနေတဲ့ အီမိုဂျီတွေနဲ့အတူ ရီးရယ်လ်အသင်းရဲ့ ထုတ်ပြန်ချက်ကို လှောင်ပြောင်မှု ပြုလုပ်ခဲ့တာပါ။ 

အက်သလက်တီကိုအသင်းက သူတို့ဟာ အယ်လ်ဗာရက်ဇ်အတွက် ကမ်းလှမ်းမှုကို လေ့လာခြင်းလည်း မရှိသလို စဉ်းစားခြင်းလည်း မရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ 

အာဂျင်တီးနားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်ကို အက်သလက်တီကိုအသင်းဟာ ၂၀၂၄ ခုနှစ်မှာ ပေါင် ၈၁.၅ သန်းနဲ့ မန်စီးတီးအသင်းကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုး ၂၀ သွင်း ယူနိုင်ခဲ့တာ အပါအဝင် အက်သလက်တီကိုအသင်း အတွက် ကစားထားတဲ့ ၁၀၆ ပွဲမှာ ၄၉ ဂိုး သွင်းယူထားတာပါ။ 

အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတို့ကလည်း နွေရာသီ အပြောင်းအရွှေ့မှာ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ 

Source: BBC