CNI Sport News

၂၀၂၄ခုနှစ်၊ သြဂုတ် ၇

အသလက်တီကိုမက်ဒရစ် အသင်းဟာ မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ယူရို ၉၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာမှာ ၂ နှစ်ခွဲကြာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

အပြီးသတ် သဘောတူညီမှုနှင့် ပတ်သက်ပြီး ကလပ် ၂ သင်းက ညှိနှိုင်းနေတယ်လို့ Athletic က ဖော်ပြခဲ့ပါတယ်။

တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ပရီးမီးယားလိဂ် ကလပ်ကို ယူရို ၁၇ သန်း (ပေါင် ၁၄ သန်း) နဲ့ ရောက်ရှိလာပြီး သူ့ရဲ့စာချုပ်ကို ပြီးခဲ့တဲ့ မတ်လက ၂၀၂၈ အထိ သက်တမ်းတိုးခဲ့တာပါ။

ရီးရဲလ်ဆိုစီဒက်မှ ရော်ဘင် လီနော်မန်နှင့် ဗီလာရီးယဲလ်မှ အလက်ဇန္ဒားဆာလာသ်တို့ ရောက်ရှိလာပြီးနောက် သူဟာ တတိယမြောက် နွေရာသီခေါ်ယူမှုအဖြစ် ဖြစ်လာဖို့ အသလက်တီကိုက ရည်မှန်းထားတာပါ။

လာလီဂါကလပ်ဟာ မကြာသေးမီက စာချုပ်သစ် ကမ်းလှမ်းမှု ၂ ခုကို ပယ်ချခဲ့တဲ့ ချယ်လ်ဆီးကွင်းလယ် ကစားသမား ဂယ်လာဂါကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဂျူလီယန် အယ်လ်ဗာရက်ဇ် ကို တွေ့ရစဥ်

အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲကစားခဲ့ပြီး ၁၉ ဂိုး သွင်းယူနိုင်ခဲ့သလို ၁၃ ဂိုး ဖန်တီးမှု ပြုလုပ်ထားတာပါ။

အယ်လ်ဗာရက်ဇ်ဟာဆိုရင် ဂွာဒီယိုလာရဲ့ အသင်းကို ၂၀၂၂-၂၃ မှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေ ဖလားတွေရအောင် ကူညီ‌ပေးတာမှာ အရေးပါခဲ့သူဖြစ်ခဲ့ပြီး မန်စီးတီးအသင်းဟာ သမိုင်းတစ်လျှောက် ဖလား ၃ လုံး အနိုင်ရတဲ့ ဒုတိယမြောက် အင်္ဂလန်အသင်း ဖြစ်လာခဲ့ပါတယ်။

ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို ဆုဖလားရရှိအောင်အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ အယ်လ်ဗာရက်ဇ် ပါဝင်ခဲ့ပါတယ်။ ဒါအပြင် ကိုပါအမေရိကဖလား ၂ ကြိမ်လည်း ရရှိခဲ့ပါတယ်။

သူဟာ နိုင်ငံလက်ရွေးစင် အသင်းအတွက်လည်း ၃၆ ပွဲ အထိ ပါဝင်ကစားထားတာပါ။

အယ်လ်ဗာရက်ဇ်ဟာ ပဲရစ်အိုလံပစ် ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲမှာ အာဂျင်တီးနားကို ကွာတာဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ ပံ့ပိုးကူညီမှု ၂ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အိမ်ရှင် ပြင်သစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

Source: The Athletic