CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၆

ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း မာရှယ်ကို ခေါ်ယူဖို့ ချန်ပီယံလိဂ်ကလပ်အသင်း ၂ သင်းဖြစ်တဲ့ အတ္တလန်တာနဲ့ လိုင်လီအသင်းတို့က စိတ်ဝင်စားနေတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။

ပြင်သစ်တိုက်စစ်မှူး မာရှယ်ဟာ ၉ နှစ်ကြာ ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် နွေရာသီမှာ ထွက်ခွာခဲ့တာပါ။ 

အဲဒါကြောင့် အသင်းလက်မဲ့ဖြစ်နေတဲ့ မာရှယ်ကို ခေါ်ယူဖို့ အသင်းအချို့က စိတ်ဝင်စားနေပြီး ဒီအသင်းတွေထဲမှာ အတ္တလန်တာနဲ့ လိုင်လီအသင်းတို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

မာရှယ်ကို ခေါ်ယူဖို့ ဘရာဇီးလ်လိဂ်၊ မေဂျာလိဂ်၊ ယူအေအီးလိဂ်နဲ့ တူရကီလိဂ်က အသင်းတွေက ပစ်မှတ်ထားနေ တာကြောင့် ကစားသမားဟာ အနာဂတ်နဲ့ ပတ်သက်ပြီး စဉ်းစားမှုတွေ ပြုလုပ်နေတာပါ။ 

အတ္တလန်တာအသင်းဟာ ရာသီကြိုခြေစမ်းပွဲမှာ တိုက်စစ်မှူး ဆကာမာကာ ဒူးအရွတ်ဒဏ်ရာ ရရှိသွားခဲ့တာ ကြောင့် တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ မာရှယ်ကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

မာရှယ်ရဲ့အေးဂျင့်ဖြစ်သူ လမ်ဘိုလေးက သူ့ရဲ့ကစားသမားဟာ အနာဂတ်အတွက် စဉ်းစားနေပြီး အားကစားနဲ့ သူ့မိသားစုစီမံကိန်းအရ ကလပ်အသင်းသစ်ကို ရွေးချယ်သွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်က Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောထားခဲ့တာပါ။ 

မာရှယ်ကို တွေ့ရစဉ်

မာရှယ်ဟာ ယူနိုက်တက်အသင်း ကစားသမားဘဝ နောက်ဆုံးရာသီမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၉ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပြင်သစ်တိုက်စစ်မှူးဟာ သူ့ရဲ့အကောင်းဆုံးပုံစံ ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်ချက်နဲ့ လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန် ပြုလုပ်နေတယ်လို့ အေးဂျင့်ဖြစ်သူက ပြောထားတာပါ။ 

မာရှယ်ဟာ ကျဆင်းလာတဲ့ သူ့ရဲ့ ကစားသမားဘဝ ပုံစံကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြင်သစ်အသင်းအတွက် ရွေးချယ်ခံရခြင်း မရှိတော့ပါဘူး။

အသက် ၂၈ နှစ်အရွယ်ရှိ မာရှယ်ဟာ ပြင်သစ်အသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင် ကစားထားပြီး ၂ ဂိုးသွင်း ယူထားတာ ဖြစ်ပါတယ်။ 

Source: Goal