CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇

ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း မာရှယ်ဟာ ဂရိကလပ် AEK အေသင်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ မာရှယ်ဟာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်း အပါအဝင် အသင်းအများအပြားနဲ့ ချိတ်ဆက်မှုတွေရှိခဲ့တာပါ။ 

အခုအချိန်မှာတော့ မာရှယ်ဟာ AEK အေသင်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီဖြစ်ပါတယ်။

Sport 24 သတင်းမှာ မာရှယ်ဟာ ဂရိကလပ်အသင်းနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုဖို့ နောက်ဆုံး စာရွက်စာတမ်းတွေ ဖလှယ်နေတယ်လို့ ဖော်ပြထားတာပါ။

မာရှယ်ဟာ AEK အေသင်အသင်းမှာ တစ်ရာသီကို ပေါင် ၂.၅ သန်း ရရှိမယ်လို့ သိရပါတယ်။ 

အပိုဆုကြေးတွေ အပါအဝင် စုစုပေါင်း ပေါင် ၇.၅ သန်းရှိတဲ့ ဒီသဘောတူညီမှုဟာ AEK အေသင်အသင်းသမိုင်းမှာ အကြီးမားဆုံး စာချုပ်ချုပ်ဆိုမှုဖြစ်ပါတယ်။

မာရှယ်ကို တွေ့ရစဉ်

မာရှယ်ဟာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကို ၃ နှစ် စာချုပ်ချုပ်ဆိုဖို့ ပြောဆိုမှုကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီးနောက် AEK အေသင်အသင်းက ဒီစာချုပ် ပမာဏအတိုင်း ကမ်းလှမ်းကာ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ 

မာရှယ်ဟာ AEK အေသင်အသင်းမှာ စပါးကစားသမားဟောင်း လာမယ်လာ၊ ဝက်ဖို့ဒ်အသင်းက ပီရီရား၊ နော်ဒင်အမ်ရာဘတ်၊ ဘရန်ဖို့ဒ်အသင်းက သောမက်စ်တို့နဲ့အတူ တွဲဖက်ပြီး ကစားရမှာပါ။

AEK အေသင်အသင်းဟာ ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဖိုဖာနာကို အငှားနဲ့ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့လို့ ကစားသမားဟာ တူရကီကလပ် ဂေါ့ဇ်တီပီအသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

AEK အေသင်အသင်းဟာ ဒီရာသီ ဂရိစူပါလိဂ် ၄ ပွဲ ကစားအပြီးမှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

Source: Dailymail