CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၇

ဘရာဇီးလ်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့ချန်ပီယံ စပိန်အသင်းကို အနိုင်ရပြီးနောက် အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အမေရိကန်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ အုပ်စုတွင်းမှာ အရေးနိမ့်ခဲ့တဲ့ စပိန်အသင်းကို ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရ ရှိခဲ့တာပါ။ 

နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ အမေရိကန်နဲ့ ဂျာမနီအသင်းတို့ပွဲစဉ်မှာ အမေရိကန်အသင်းက အချိန်ပိုမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဘရာဇီးလ်နဲ့ အမေရိကန်အသင်းတို့ဟာ ၂၀၀၈ အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့သလို နောက်ထပ် အိုလံပစ်ဗိုလ်လုပွဲမှာ ထပ်မံတွေ့ဆုံရမှာပါ။ 

ဒီတွေ့ဆုံမှုတုန်းက အမေရိကန်အသင်းက ဘရာဇီးလ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ဘရာဇီးလ်အသင်း ဗိုလ်လုပွဲ တက်ရောက်နိုင်မှုကြောင့် ဂန္ထဝင်ကစားသမား မာတာအတွက် သူ့ရဲ့နိုင်ငံတကာ ကစားသမားဘဝ နောက်ဆုံးပွဲကို ရွှေတံဆိပ်ရယူပြီး အဆုံးသတ်ဖို့ အခွင့်အရေးရှိလာခဲ့တာပါ။

မာတာဟာ ပြီးခဲ့တဲ့ စပိန်အသင်းနဲ့ အုပ်စုပွဲစဉ်မှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာကြောင့် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့ပြီး ဗိုလ်လုပွဲမှ ပြန်လည် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ 

ဘရာဇီးလ်အသင်းကိုတွေ့ရစဉ်

အသက် ၃၈ နှစ် အရွယ်ရှိ မာတာက ဒီအိုလံပစ်ပြိုင်ပွဲဟာ သူ့ရဲ့ဘရာဇီးလ် ကစားသမားဘဝ နောက်ဆုံး ပြိုင်ပွဲဖြစ်တယ်လို့ အတည်ပြုထားတာပါ။

ဘရာဇီးလ်အသင်းဟာ အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ၂ ကြိမ်တက်ခဲ့ပြီး ၂ ကြိမ်စလုံး ငွေတံဆိပ် သာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်အသင်းကတော့ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ၄ ကြိမ်အထိ ရရှိထားပြီး နောက်ဆုံး ရယူနိုင်ခဲ့တာက ၂၀၁၂ ပြိုင်ပွဲတုန်းက ဖြစ်ပါတယ်။

အမေရိကန်အသင်းဟာ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲတုန်းက ကြေးတံဆိပ်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ အရေးနိမ်ခဲ့တဲ့ စပိန်နဲ့ ဂျာမနီအသင်းတို့ဟာ အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ရမှာပါ။

၂၀၂၄ အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို သြဂုတ် ၉ ရက်၊ ဗိုလ်လုပွဲကို သြဂုတ် ၁၀ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: ESPN