CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၁၂

ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ထံ တင်သွင်းခဲ့တဲ့ အသင်းယာယီ ၅၅ ဦး လူစာရင်းမှာ ဆန်းတို့စ်အသင်း ကြယ်ပွင့် နေမာ ပါဝင်ခဲ့ပါတယ်။

နေမာဟာ ဘရာဇီးလ်အသင်းရဲ့ အပြီးသတ် ၂၆ ဦး လူစာရင်းမှာ ပါဝင်ဖို့ မသေချာသေးပေမယ့် ပါဝင်ခွင့်ရနိုင် အောင် ကြိုးစားဖို့ မျှော်လင့်ချက် ရှိနေတာပါ။ 

ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ဖို့ ကြံ့ခိုင်မှုပိုင်း အပြည့်ဖြစ်နေတဲ့ ကစားသမားတွေကိုသာ ကမ္ဘာ့ဖလားအတွက် ခေါ်ယူသွားမယ်လို့ ပြောထားခဲ့ပါတယ်။ 

နေမာကလည်း သူ့ရဲ့နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်နိုင်တဲ့ ၂၀၂၆ ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းမှု တွေ ပြုလုပ်နေတာပါ။

ဘရာဇီးလ်အသင်းရဲ့ ယာယီလူစာရင်းမှာ နေမာ ပါဝင်ခဲ့ပေမယ့် ဒဏ်ရာရရှိနေတဲ့ ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမား အက်စ်တီဗာအို ပါဝင်ခဲ့ခြင်း မရှိပါဘူး။ 

ဘရာဇီးလ်အသင်းကိုတွေ့ရစဉ်

ပါမီးလ်ရပ်စ်အသင်းမှာ ရှေးရိုးစွဲ ကုသမှုခံယူနေတဲ့ အက်စ်တီဗာအိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အချိန်မီ ပြန်ကောင်းလာဖွယ် မရှိဘူးလို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ဆေးဘက်ဆိုင်ရာဌာနက ဆုံးဖြတ်ခဲ့ပါတယ်။ 

အက်စ်တီဗာအိုဟာ ကမ္ဘာ့ဖလား အိပ်မက်အတွက် ကြိုးပမ်းနေပေမယ့် ဘရာဇီးလ်အသင်းရဲ့ အပြီးသတ် လူစာရင်းမှာ ပါဝင်နိုင်ဖို့ မရှိတော့တာပါ။ 

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ သွားမယ့် အပြီးသတ် လူစာရင်းကို မေလ ၁၈ ရက်မှာ ကြေညာသွားမယ် လို့ သိရပါတယ်။ 

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ပနားမား၊ အီဂျစ်အသင်းတို့နဲ့ ခြေစမ်းပွဲကစားပြီး ဇွန်လ ၁၃ ရက်မှာ အုပ်စုအဖွင့်ပွဲအဖြစ် မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

Source: Goal