CNI International News
၂၀၂၆ ခုနှစ်၊ မေလ ၁၃
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံထိပ်သီး အစည်းအဝေး၌ မြန်မာနိုင်ငံ ၏ ခေါင်းဆောင်ပိုင်းကို တက်ရောက်ခွင့် မပေးခဲ့ဘဲ မြန်မာနိုင်ငံအား အာဆီယံအဖွဲ့အတွင်းမှ ဖယ်ထုတ်ထားရန် ခွဲခြားဆက်ဆံသော လုပ်ရပ်များ လုပ်ဆောင်နေကြောင်း မြန်မာအစိုးရက မေလ ၁၁ ရက်မှာ ကန့်ကွက်ပြောခဲ့ ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။။
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာလွှဲပြောင်း ရယူခဲ့ပြီးနောက် အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်သော အာဆီယံသည် မြန်မာနိုင်ငံကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။
ငါးနှစ်ကြာပြီးနောက် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ပြီးခဲ့သည့်လ၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးဦးမင်းအောင်လှိုင်က အရပ်သားသမ္မတအဖြစ် ရာထူးရယူခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီး အစည်းအဝေး၌ အိမ်ရှင် ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr)က မြန်မာ့အရေးနှင့် ပတ်သက် ပြီး မည်သည့် တိုးတက်မှုမျှ မရှိသေးကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထိုပြောကြားချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် တစ်ခုဖြင့် တုံ့ပြန်ရာတွင် မြန်မာနိုင်ငံ၌ အပြုသဘောဆောင်သော တိုးတက်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုက ကောင်းစွာ အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။
သို့သော်လည်း အဖွဲ့ဝင်နိုင်ငံ အနည်းငယ်ကသာ ကန့်သတ်ချက်များ၊ ခွဲခြားဆက်ဆံမှုများနှင့် မြန်မာအစိုးရအား တန်းတူရည်တူ ကိုယ်စားပြုခွင့် မပေးဘဲ ဖယ်ကြဉ်ထားမှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြခဲ့သည်။
မြန်မာပဋိပက္ခကို အဆုံးသတ်ရန် ချမှတ်ထားသည့် အာဆီယံ၏ ငြိမ်းချမ်းရေး အစီအစဉ်မှာ တိုးတက်မှု မရှိသည့် အပေါ် စိတ်ပျက်မှုများ မြင့်တက်လာနေပြီ မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံအတွင်း ဘုံသဘောတူညီချက် များ ပျက်ပြားလာကြောင်း လေ့လာဆန်းစစ်သူများက ထောက်ပြကြသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံကဲ့သို့သော အချို့နိုင်ငံများကမူ ဗိုလ်ချုပ်မှူးကြီးဦးမင်းအောင်လှိုင် သမ္မတဖြစ်လာခြင်းကို ဂုဏ်ပြုစကားဆိုခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းစေရန် ကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့ကြသည်။

အာဆီယံဥက္ကဋ္ဌနဲ့ မြန်မာကိုယ်စားလှယ်ကို တွေ့ရစဉ်
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် ထိပ်သီး အစည်းအဝေး၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန် (Mohamad Hasan) က မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်၍ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံစားပွဲဝိုင်းမှာ ထိုင်ခုံနေရာ ပြန်လည်ရယူရန် အဆင်သင့် မဖြစ်သေးကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနှင့် လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည့် စင်္ကာပူနိုင်ငံတို့သည် မလေးရှားနှင့် သဘောထားချင်း တူညီကြောင်း အများစုက ယူဆထားကြသည်။
သို့သော် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကမူ မြန်မာအစိုးရသစ်နှင့် အပြုသဘော မဆောင်သော ခွဲခြားဆက်ဆံမှု များ ပြုလုပ်ခြင်းသည် ဒီမိုကရေစီနည်းကျ မဲပေးခဲ့သည့် မြန်မာပြည်သူများ၏ သဘောဆန္ဒကို လျစ်လျူရှုရာ ရောက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း အာဆီယံနိုင်ငံ အချို့၏ သဘောထားဖြင့် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှု များ ပြုလုပ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိတ်ရှည်သည်းခံပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ တာဝန် ဝတ္တရားများနှင့်အညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် နိုင်ငံများ၏ အမည်များကို အတိအကျ ထည့်သွင်းပြောကြားခြင်း မရှိသော်လည်း အချို့နိုင်ငံ များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဝေဖန်ပြောဆိုခြင်း၊ ဖိအားပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
