CNI International News

ဂျာကာတာ၊ အောက်တိုဘာ ၅

လာမည့် သီတင်းပတ်အတွင်း အာဆီယံဒေသတွင်း အစည်းအဝေးမတိုင်မီ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ (Jakarta) မြို့တော်၌ မြန်မာအရေးနှင့်ပတ်သက်ပြီး သံတမန်ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း CNA မှ ဖော်ပြခဲ့ သည်။

အောက်တိုဘာ ၄ ရက်မှ ၅ ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ သံတမန်ဆွေးနွေးပွဲများတွင် အင်ဒိုနီးရှား၊ အာဆီယံ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ်များ၊ တပ်မတော်အစိုးရကို ဆန့်ကျင်သည့် အဖွဲ့များမှ အဖွဲ့ဝင် များ ပါဝင်မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် သံတမန်တစ်ဦးက အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့ သည်။

မြန်မာ၏ နစကအစိုးရကမူ ထိုဆွေးနွေးပွဲတွင် ပါဝင်လိမ့်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က တပ်မတော်မှ အာဏာကို လွှဲပြောင်း ရယူခဲ့ချိန်နောက်ပိုင်း သွေးစွန်းသည့် ပဋိပက္ခများ ဖြစ်ပွားနေသည်။

လာအိုတွင် အောက်တိုဘာ ၆ ရက်မှ ၁၁ ရက်ကြား ပြုလုပ်မည့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး မတိုင်မီ ယခုဆွေးနွေးပွဲများကို ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အာဆီယံအဖွဲ့၏ အစည်းအဝေးတွင်လည်း မြန်မာ့အရေးကို ဦးစားပေး ဆွေးနွေးမည်ဖြစ်သည်။

အာဆီယံသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ပဋိပက္ခကို ဖြေရှင်းရန် သံတမန်ရေးဆိုင်ရာ အားထုတ်ကြိုးပမ်းမှု အချို့ ရှိခဲ့သော်လည်း တိုးတက်မှု အနည်းငယ်သာရှိခဲ့သည်။

TNLA လက်နက်ကိုင်ကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ တပ်မတော်ခေါင်းဆောင်များသည်လည်း ထိပ်သီးအဆင့် အာဆီယံ အစည်းအဝေးများကို တက်ရောက်ခွင့် တားမြစ်ခံထားရသည်။

ယခင်အာဆီယံ အစည်းအဝေးများတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများရှိခဲ့ပြီး အင်ဒိုနီးရှား မလေးရှားနှင့် ဖိလစ်ပိုင်တို့က တပ်မတော်ခေါင်းဆောင်များကို တင်းကျပ်စွာ ဖိအားပေးရန် တောင်းဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံကလည်း တပ်မတော်ခေါင်းဆောင်များ၊ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ PDF များကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်မြေပြင်တွင် တပ်မတော်ဘက်က ရုန်းကန်နေရချိန်၌ ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၃ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲကြောင့် လူပေါင်း ၃ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

Source: CNA