CNI International News

ဂျေရုဆလင်၊ အောက်တိုဘာ ၅

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော်၏ တောင်ပိုင်းဆင်ခြေဖုံးတွင် အစ္စရေးက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခတ်ခဲ့ပြီးနောက် နာရီပိုင်အကြာ အောက်တိုဘာ ၄ ရက် အစောပိုင်းတွင် အစ္စရေးလေကြောင်း တိုက်ခိုက်မှု များသည် လက်ဘနွန်နှင့် ဆီးရီးယားကြား အဓိကနယ်စပ်ဖြတ်ကျော်ရေး လမ်းကြောင်းများကို ပိတ်ဆို့သွား ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုလေကြောင်း တိုက်ခိုက်မှုများသည် လက်ဘနွန်နိုင်ငံအတွင်း အီရန်ကျောထောက် နောက်ခံပြု လက်ဘနွန် ဟစ်ဇ်ဘိုလာ စစ်သွေးကြွများနှင့် အစ္စရေးကြား အပြည့်အဝ စစ်ပွဲတစ်ရပ် ဖြစ်လာနိုင်မည့် အရေးကိစ္စအပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

အစ္စရေး အနေဖြင့်လည်း ၎င်း၏နယ်မြေအတွင်း အီရန်၏ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကို ကြုံတွေ့ရလျက်ရှိသည်။

အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က  "အရင်ညတွေတုန်းက ကျနော်တို့ တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိရှိတဲ့ တိုက်ခိုက်မှုဟာ အပြည့်အဝ တရားဝင်ဖြစ်ပြီး သဘာဝကျပါတယ်"ဟု ပြောကြားခဲ့သည်။

ခါမေနီက အာဖဂန်နစ္စတန်မှ ယီမင်အထိ မွတ်စလင်နိုင်ငံများအနေဖြင့် အစ္စရေးကို ခုခံမှုတွင် အတူပါဝင်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

အစ္စရေးရဲ့ တိုက်ခတ်မှုကြောင့် ပျက်စီးသွားစဉ်

အစ္စရေး၏ လက်တုန့်ပြန်မှုတွင် အီရန်၏ ရေနံစက်ရုံများလည်း ပါဝင်နိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယား နယ်စပ်အနီး လက်ဘနွန် နယ်မြေအတွင်းတွင် အောက်တိုဘာ ၄ ရက်က အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လေးမီတာ(၁၂ ပေ)အကျယ်ရှိ ချိုင့်ကြီးဖြစ်ပေါ်ခဲ့ကြောင်း လက်ဘနွန် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး အလီဟာမီယာ(Ali Hamieh) က ရိုက်တာသို့ ပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဟစ်ဇ်ဘိုလာအဖွဲ့သည် ဆီးရီးယားနယ်စပ်ကို အသုံးပြုပြီး လက်ဘနွန်နိုင်ငံ တွင်းသို့ စစ်လက်နက်ပစ္စည်းများ ပို့ဆောင်နေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

"IDF အနေနဲ့ ဒီလို လက်နက်တွေ မှောင်ခိုသွင်းနေတာကို ခွင့်ပြုသွားမှာ မဟုတ်တဲ့အပြင် ဒီလို အတင်းအကျပ် ဆက်လုပ်နေမယ်ဆိုရင်တော့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး"ဟု IDF ပြောရေးဆိုခွင့်ရှိသူ အဗီချေးအေဒရာရီ (Avichay Adraee)က ပြောကြားခဲ့သည်။

Source - ရိုက်တာ