CNI International News

တဲလ်အဗစ်၊ စက်တင်ဘာ ၃၀

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်(Beirut) မြို့တော်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဆေးယက် ဟက်ဆန် နာဆရာလာ (Sayyed Hassan Nasrallah) သေဆုံးခဲ့မှုသည် ဟစ်ဇ်ဘိုလာ အတွက်သာမက အီရန်အတွက်လည်း ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

စက်တင်ဘာ ၂၇ ရက်က ဘေရွတ်မြို့တော်တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွင် ဟစ်ဇ်ဘိုလာအဖွဲ့၏ ဌာနချုပ်အား လေကြောင်းတိုက်ခိုက်ခဲ့ရာတွင် နာဆရာလာကို ချေမှုန်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က စက်တင်ဘာ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း နာဆရာလာ သေဆုံးကြောင်းကို အတည်ပြုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာကို တွေ့ရစဉ်

နာဆရာလာ၏ သေဆုံးမှုသည် အာရပ်ကမ္ဘာတွင် အီရန်အတွက် မဟာမိတ်လက်နက်ကိုင်အဖွဲ့များ ကွန်ရက်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည့်  ဩဇာကြီးမားသော မဟာမိတ်တစ်ဦးကို လက်လွတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ယာဟု (Benjamin Netanyahu) ကမူ နာဆရာလာအား ချေမှုန်းရခြင်း သည် လာမည့်နှစ်များအတွင်း ဒေသတွင်း အာဏာဟန်ချက်ညီမှုကို ပြောင်းလဲရန်အတွက် မဖြစ်မနေ လုပ်ဆောင် လိုက်ရသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"နာဆရာလာက အကြမ်းဖက်သမား တစ်ယောက်ပါ" ဟု နေတန်ယာဟုက ပြောကြားခဲ့ပြီး စိန်ခေါ်မှုများနှင့် ပြည့်နေသည့် နေ့ရက်များကို ရင်ဆိုင်ရမည်ဟုလည်း သတိပေးခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကလည်း နာဆရာလာ၏ သေဆုံးမှုသည် ထောင်နှင့်ချီသည့် အမေရိကန်များ၊ အစ္စရေးများနှင့် လက်ဘနွန်ပြည်သူများ အပါအဝင် သူ့ကြောင့် နစ်နာခဲ့ရသူများအတွက် တရားစီရင်မှုတစ်ခုဖြစ်ကြောင်း၊ အစ္စရေး၏ မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ကို အမေရိကန်က အပြည့်အဝ ထောက်ခံ ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တွေ့ရစဉ်

ဘေရွတ်မြို့တော်တွင် ဖြစ်ပွားခဲ့သည့် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများအတွင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ဒုတပ်မှူးတစ်ဦးဖြစ်သူ အာဘက်စ် နီလ်ဖိုရူရှန် (Abbas Nilforoushan) လည်း သေဆုံးသွားခဲ့ ကြောင်း အီရန်မီဒီယာများက ထုတ်ပြန်ခဲ့သည်။

နာဆရာလာ သေဆုံးခဲ့ပြီးနောက် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ ( Ayatollah Ali Khamenei) သည်လည်း နိုင်ငံအတွင်းရှိ ဘေးကင်းလုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြောင်း သတင်း ရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ်အတွင်း လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ကာ ၆၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သလို လူပေါင်း ၁ သိန်းခန့် အိမ်ပစ်ရာပစ် စွန့်ခွာထွက်ပြေးခဲ့ရ ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source: Nikkei Asia