CNI International News

ဘေရွတ်၊ အောက်တိုဘာ ၇

အစ္စရေးသည် ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်နေစဉ် အောက်တိုဘာ ၆ ရက် နံနက်အစောပိုင်းက လက်ဘနွန်၏ မြို့တော် ဘေရွတ် (Beirut) တောင်ပိုင်းတွင် မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမာ့စ်အဖွဲ့က တိုက်ခိုက်ခဲ့သည့် တစ်နှစ်ပြည့် နှစ်ပတ်လည်မတိုင်မီ အစ္စရေးက စစ်တပ်ကို တပ်လှန့်နှိုးဆော်မှု မြှင့်တင်ထားသည်။

အစ္စရေးသည် ဂါဇာတွင် တစ်နှစ်နီးပါးကြာ စစ်ပွဲဆင်နွှဲခဲ့ပြီးနောက် လက်ရှိမှာ အစ္စရေးသည် ၎င်း၏ အာရုံကို ပြောင်းလဲခဲ့ပြီး  ဟားမာ့စ်အဖွဲ့၏ မဟာမိတ်ဖြစ်သည့် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်ခဲ့သည်။

အစ္စရေးသည်  ဟစ်ဇ်ဘိုလာအဖွဲ့ ခြေကုပ်ယူထားသည့် ဘေရွတ်မြို့တော် တောင်ပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု အကြိမ် ၃၀ ကျော် ပြုလုပ်ခဲ့သည်။

အစ္စရေး၏ ပစ်မှတ်များထဲတွင် ဓာတ်ဆီဆိုင် တစ်ဆိုင်လည်း ပါဝင်ခဲ့ကြောင်း လက်ဘနွန်၏ တရားဝင် သတင်းအေဂျင်စီဖြစ်သည့် NNA မှ ဖော်ပြခဲ့သည်။

စစ်ရှောင်များကို တွေ့ရစဉ်

အစ္စရေးစစ်တပ်ကမူ ဟစ်ဇ်ဘိုလာအဖွဲ့၏ လက်နက် သိုလှောင်ရုံများနှင့် အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရမည့် အန္တရာယ်ကို အနည်းဆုံးဖြစ်စေရန် လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုများ ပြင်းထန်လာသဖြင့် ဘေရွတ်မြို့တော် တောင်ဘက် ဆာဘရာ (Sabra) ဒေသတွင် ဒေသခံများသည် အိတ်များကိုလွယ်ပြီး ခြေကျင်ထွက်ပြေးခဲ့ကြသလို အချို့ကလည်း ဆိုင်ကယ်များဖြင့် ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ကြသည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကမူ လက်ဘနွန်တောင်ပိုင်း ဘလီဒါ (Blida) ကျေးရွာသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် အစ္စရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အစ္စရေး စစ်စခန်း တစ်ခုကိုလည်း တိုက်ခိုက်ရေး ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်ကမူ လက်ဘနွန်နယ်စပ်ရှိ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ဝင်များကို အားနည်းစေရန်နှင့် နယ်စပ်အနီးမှ မောင်းထုတ်ရန် တိုက်ခိုက်မှုများအား ဆက်လက် လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။

Source: SCMP