CNI International News

ဂျေရုဆလင်၊ အောက်တိုဘာ ၈

ဂါဇာတွင် ဖြစ်ပွားသည့် တစ်နှစ်ကြာ စစ်ပွဲအတွင်း အစ္စရေးက ပစ်မှတ်ပေါင်း ၄၀,၀၀၀ ကျော်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အစ္စရေးသည် ဥမင်လမ်းကြောင်း ၄၇၀၀ ကို တွေ့ရှိခဲ့ကာ ဒုံးကျည်ပစ်လွှတ်သည့် နေရာ ၁၀၀၀ ကို ဖျက်စီးခဲ့ ကြောင်း အစ္စရေးစစ်တပ်က ဂါဇာစစ်ပွဲ တစ်နှည့်ပြည့်သည့် အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေးစစ်သား ၇၂၆ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထဲမှ ၃၈၀ ခန့်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကာ ကျန် ၃၄၆ ဦးသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ စတင်ဖြစ်ပွားသည့် ဂါဇာစစ်ပွဲအတွင်း သေဆုံးခဲ့သည်ဟု ဆိုသည်။

ထိုအချိန်မှ စတင်ပြီး ဒဏ်ရာရစစ်သား အရေအတွက် ၄၅၇၆ ဦး ရှိသည်။ 

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေမှုကို တွေ့ရစဉ်

စစ်ဆင်ရေး မတော်တဆမှုအတွင်း စစ်သား ၅၆ ဦး သေဆုံးခဲ့သော်လည်း မတော်တဆမှု ဖြစ်စဉ်အသေးစိတ်ကိုမူ အစ္စရေးစစ်တပ်က ထုတ်ပြန်ထား ခြင်း မရှိပေ။

အစ္စရေးစစ်တပ်သည် စစ်ပွဲစတင် ဖြစ်ပွားချိန်ကတည်းက အရန်စစ်သား ၃၀၀,၀၀၀ စုဆောင်းခဲ့ပြီး ၎င်းတို့ထဲမှ ၈၂ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်ကာ ၁၈ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်။

၎င်းတို့ထဲမှ ထက်ဝက်နီးပါးသည် အသက် ၂၀ မှ ၂၉ နှစ်ကြား အရွယ်များဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ပွဲ စတင်ဖြစ်ပွားချိန်ကတည်းက ဂါဇာမှ အစ္စရေးသို့ ဒုံးကျည်အစင်းရေ ၁၃,၂၀၀ ဖြင့် ပစ်ခတ်ခဲ့ပြီး လက်ဘနွန်မှ ၁၂,၄၀၀ ၊ ဆီးရီးယားမှ ၆၀၊ ယီမင်မှ ၁၈၀ နှင့် အီရန်မှ ၄၀၀ ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

အစ္စရေးစစ်တပ်က လက်ဘနွန်တွင် လက်နက်ကိုင် ၈၀၀ ကျော်ကို သတ်ဖြတ်နိုင်ခဲ့ပြီး လေကြောင်းမှ ပစ်မှတ် ပေါင်း ၄၉၀၀ ကို တိုက်ခိုက်ခဲ့သလို မြေပြင်ပစ်မှတ် ၆၀၀၀ ခန့်ကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေမှုကို တွေ့ရစဉ်

တစ်နှစ်အတွင်း အစ္စရေးသည် အနောက်ဘက် ကမ်းခြေဒေသနှင့် ဂျော်ဒန် တောင်ကြားတွင် သံသယရှိသူ ၅၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က ဟားမာ့စ် စစ်သွေးကြွအဖွဲ့သည် အစ္စရေးတောင်ပိုင်းသို့ တိုက်ခိုက်ခဲ့ရာမှ ဂါဇာစစ်ပွဲ ဖြစ်ပွားလာခဲ့ပြီး ဟားမာ့စ်၏ တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ ခန့်သေဆုံးကာ လူ ၂၅၀ ခန့် ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရသည်။ 

လက်ရှိတွင် ဟားမာ့စ်တို့က ထိန်းသိမ်းထားသော ဓားစာခံ ၁၀၀ ကျော် ဆက်လက် ကျန်ရှိနေသည်။

ဂါဇာတွင် အစ္စရေး၏ လက်တုန့်ပြန် တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဒေသခံ ၄၂,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Source- ရိုက်တာ