CNI International News

ဂျေရုဆလင်၊ အောက်တိုဘာ ၂၁

အစ္စရေးစစ်တပ်သည် ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲမှု ပြန်လည် စတင်ပြီဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်က ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

ဂါဇာတွင် အစ္စရေးစစ်သား ၂ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှု တစ်ခုကြောင့် အစ္စရေးမှ လေကြောင်းတိုက်ခိုက်မှု များ ပြုလုပ်ခဲ့သဖြင့် လူ ၂၆ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်များက ထုတ်ပြန်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲမှု ပြန်လည်စတင်ပြီဖြစ်သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။

ဂါဇာတွင် ဟားမာ့စ်အဖွဲ့က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေသဖြင့် ဂါဇာဒေသအတွင်းသို့ အထောက်အပံ့ များ တင်ပို့မှုကို ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။

ပါလက်စတိုင်း စစ်သွေးကြွများသည် ရာဖာ (Rafah) မြို့တွင် အစ္စရေးစစ်သားများကို တင့်ကားဖျက် ဒုံးကျည် တစ်စင်းဖြင့် ပစ်ခတ်ခြင်း၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် အစ္စရေးစစ်သား ၂ ဦး သေဆုံးခဲ့ သည်။

ထို့နောက် အစ္စရေးစစ်တပ်က ဂါဇာတွင် စစ်သွေးကြွများ၏ တပ်မှူးများ၊ သေနတ်သမားများ၊ မြေအောက် လိုဏ်ခေါင်းတစ်ခုနှင့် လက်နက်သိုလှောင်ရုံများ အပါအဝင် ဟားမာ့စ်အဖွဲ့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂါဇာဒေသ အစ္စရေး၏ လေကြောင်းတိုက်ခိုက်ခံရမှုကို တွေ့ရစဉ်

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး အပါအဝင် လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ဂါဇာကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုတစ်ခုသည် ဂါဇာ၏ နျူဆိုင်ရတ် (Nuseirat) ဒေသတွင် စစ်ဘေးရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်း တစ်ခုကို ထိမှန်ခဲ့သည်ဟု ဆိုသည်။

ဟားမာ့စ်အဖွဲ့ကမူ ရာဖာမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို မသိကြောင်း၊ ထိုတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည့် စစ်သွေးကြွအဖွဲ့နှင့် မတ်လကတည်းက အဆက်အသွယ် မရှိတော့ကြောင်း ပြောကြားခဲ့ကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာနေဆဲဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုများကို ဟားမာ့စ်အဖွဲ့က ဝေဖန်ရှုတ်ချခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် တည်မြဲနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: CAN