CNI International News
ဂျပန်တွင် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ပါတီခေါင်းဆောင် ဆာနာအဲ တာကာအီချီ (Sanae Takaichi) သည် ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်ရန် ပြင်ဆင်နေပြီဖြစ် ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဂျပန် ဆန်းသစ်တီထွင်ရေးပါတီ (JIP) က LDP ပါတီနှင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန် အောက်တိုဘာ ၂၀ ရက်တွင် သဘောတူခဲ့သဖြင့် တာအာအီချီသည် လွှတ်တော်၌ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရရန် ထောက်ခံမဲ အလုံအလောက် ရရှိသွားခဲ့ခြင်းဖြစ်သည်။
ဂျပန်လွှတ်တော်သည် အောက်တိုဘာ ၂၁ ရက်တွင် တာအာအီချီကို ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ရန် စီစဉ်ထားသည်။
JIP ပါတီခေါင်းဆောင် ဟီရိုဖူမီ ယိုရှီမာရူ (Hirofumi Yoshimura) ကလည်း ၎င်းတို့ ပါတီသည် ကွန်ဆာဗေးတစ် တစ်ဦးဖြစ်သည့် တာကာအီချီကို ဝန်ကြီးချုပ်နေရာအတွက် ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
JIP ပါတီခေါင်းဆောင် ဟီရိုဖူမီ ယိုရှီမာရူနဲ့ ဆာနာအဲ တာကာအီချီကို တွေ့ရစဉ်
“ကျနော်တို့ အတူတကွ လက်တွဲလုပ်ဆောင် သွားသင့်တယ်လို့ တာကာအီချီကို ကျနော်ပြောခဲ့ပါတယ်”ဟု ယိုရှီမာရူက အိုဆာကာ (Osaka) မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
LDP ပါတီနှင့် JIP တို့ကြား ညွန့်ပေါင်းအစိုးရဖွဲ့ရန် သဘောတူညီချက် ရရှိခဲ့မှုကြောင့် တာကာအီချီသည် အောက်တိုဘာ ၂၁ ရက်တွင် ပြုလုပ်မည့် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှု၌ ဝန်ကြီးချုပ်နေရာကို ရရှိရန် သေချာ သွားပြီဖြစ်ပြီး ရာထူးမှ နုတ်ထွက်သွားခဲ့သည့် ယခင်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ (Shigeru Ishiba) ၏ နေရာကို အစားထိုး တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
အသက် ၆၄ နှစ်အရွယ် တာကာအီချီသည် ယခုလ အစောပိုင်းက LDP ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့ပြီး တရုတ်နှင့်ပတ်သက်၍ သဘောထား တင်းမာသူ တစ်ဦးဖြစ်သည်။
တာကာအီချီသည် ဂျပန်၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် အစဉ်အလာကို ချိုးဖျက်နိုင်ခဲ့သော်လည်း ဂျပန်အမျိုးသမီး အများစုကမူ ၎င်း၏ အောင်မြင်မှုကို ကျေနပ်အားရခြင်းမရှိပေ။
“ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ရဲ့ အလားအလာက ကျမကို မပျော်ရွှင်စေပါဘူး။ သူ့ရဲ့ ခေါင်းဆောင်မှုဟာ ဂျပန်နိုင်ငံရေးလောကမှာ အမျိုးသမီးတွေ အပေါ်ကို ပိုပြီး စာနာနားလည် လာလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး မသက်ရောက်စေပါဘူး” ဟု ဂျပန်နိုင်ငံ၏ လူမူဗေဒပညာရှင် ချီဇူကို ယူအီနို (Chizuko Ueno) က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
Mainichi သတင်းစာ၏ နိုင်ငံရေးလေ့လာသုံးသပ်သူ ချီယာကို ဆာတို (Chiyako Sato) ကလည်း တာကာအီချီ၏ မူဝါဒများသည် အလွန်သဘောထား တင်းမာသဖြင့် သူသည် မတူကွဲပြားမှုများကို နားလည် လက်ခံနိုင်လိမ့်မည် ဟုတ်၊မဟုတ် သံသယရှိရကြောင်း ပြောကြားခဲ့သည်။
Source: Nikkei Asia