CNI International News
တိုကျို၊ ဇူလိုင် ၂၂
ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်က ကျင်းပခဲ့သည့် ဂျပန်အထက်လွှတ်တော် ရွေးကောက်ပွဲတွင် နေရာအများဆုံး အနိုင် ရရှိခဲ့သော ပါတီများထဲ၌ လက်ယာစွန်း ဆန်စီတို(Sanseito)ပါတီလည်း ပါဝင်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုပါတီသည် လူဝင်မှုနှင့်ပတ်သက်၍ တင်းမာသည့် သဘောထားများကို ပြောကြားခဲ့ပြီး အခွန်များကို လျှော့ချကာ လူမှုဖူလုံရေးအတွက် ငွေကြေးသုံးစွဲသွားမည်ဟု ကတိပြုခဲ့သည်။
COVID-19 ကပ်ရောဂါ ကာလအတွင်း ကာကွယ်ဆေးများနှင့်ပတ်သက်ပြီး ယုံမှားသံသယများ ထွက်ပေါ်လာ ပြီးနောက် YouTube မှတဆင့် လူသိများလာခဲ့သည့် ထိုပါတီသည် "ဂျပန်သည်သာ ပထမ" (Japanese First) ဟူသည့် ဆောင်ပုဒ်ဖြင့် မဲဆွယ်စည်းရုံးခဲ့သည်။
ထိုပါတီသည် အထက်လွှတ်တော်တွင် နေရာ ၂၂ နေရာ အနိုင်ရခဲ့ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သလို လွန်ခဲ့သည့် ၃ နှစ်က နေရာ ၂၄၈ နေရာရှိသည့် လွှတ်တော်၌ ၁ နေရာသာ ရှိခဲ့သည်။
"ဂျပန်သည်သာ ပထမဆိုတဲ့ ဆောင်ပုဒ်ကတော့ ဂျပန်ပြည်သူတွေရဲ့ စားဝတ်နေရေးကို ပြန်လည်ထူထောင်မယ့် သဘော ဖြစ်ပါတယ်။ ပြည်ပနိုင်ငံသားတွေကို တားဆီးပိတ်ပင်သင့်တယ် ဒါမှမဟုတ် ပြည်ပနိုင်ငံသား အားလုံးကို ဂျပန်က ထွက်သွားရမယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး" ဟု ပါတီခေါင်းဆောင်ဖြစ်သည့် ဆိုဟိုင်း ကာမီယာ (Sohei Kamiya) က ပြောကြားခဲ့သည်။
ဂျပန်ရွေးကောက်ပွဲ မဲရလဒ် ကြေညာနေစဉ်
ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ (Shigeru Ishiba) ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)နှင့် ၎င်း၏ ညွန့်ပေါင်း မိတ်ဖက် ကိုမီတို(Komeito)ပါတီတို့သည် အထက်လွှတ်တော်တွင် လူများစုနေရာကို ဆုံးရှုံးရဖွယ်ရှိနေသည်။
"Sanseito ပါတီအကြောင်းကို လူတွေက ပြောနေကြပါပြီး။ အမေရိကမှာလည်း ပြောနေကြပါတယ်။ ဘာလို့လဲ ဆိုတော့ သာမန်လူထုရဲ့ အကျိုးကို မျှော်ကိုးတဲ့ဝါဒနဲ့ ပြည်ပကို မမှီခိုတဲ့ လှုပ်ရှားမှုတွေကြောင့်ပေ့ါ။ ဒါက LDB နဲ့ ဝန်ကြီးချုပ် အီရှီဘာတို့အတွက် အားနည်းချက် တစ်ခုလို ဖြစ်ခဲ့ပါတယ်" ဟု အမေရိကန်၏ ကျွမ်းကျင်ပညာရှင် အဖွဲ့ဖြစ်သည့် Japan Society အဖွဲ့အကြီးအကဲ ဂျိုရွှာ ဝေါ်လ်ကာ (Joshua Walker) က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ မတိုင်မီ ကောက်ခံခဲ့သည့် NHK သတင်းဌာန၏ စစ်တမ်းများအရ မဲဆန္ဒရှင် စုစုပေါင်း၏ ၂၉ ရာခိုင်နှုန်းသည် လူမှုဘဝလုံခြုံရေး၊ ကလေးမွေးဖွားနှုန်း ကျဆင်းမှုတို့နှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း ဖြေကြားခဲ့ကြသည်။
ထို့ပြင် မဲဆန္ဒရှင် ၂၈ ရာခိုင်နှုန်းကလည်း ပြီးခဲ့သည့် နှစ်ကထက် ၂ ဆခန့် မြင့်တက်လာခဲ့သည့် ဆန်စျေးများ မြင့်တက်မှုကို စိုးရိမ်နေပြီး ၇ ရာခိုင်နှုန်းက လူဝင်မှု အခြေအနေအား စိုးရိမ်ကြောင်း ဖြေကြားခဲ့ကြသည်။
Source: ရိုက်တာ