CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၂

ယူအေအီးနိုင်ငံတွင် သောင်တင်နေသည့် အာဖဂန်နိုင်ငံသားများကို ကူညီပေးမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ယူအေအီး အစိုးရအဖွဲ့သည် အာဖဂန်နိုင်ငံသားများကို နေရပ်ပြန်ပို့သည့် လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်နေပြီး အမေရိကန်ကလည်း ထိုလုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတွင်းစည်း သတင်းများအရ သိရသည်။

အမေရိကန်၏ လုံခြုံရေး မဟာမိတ်ဖြစ်သည့် ယူအေအီးသည် ၂၀၂၁ ခုနှစ်က အာဖဂန်မှ ယူအေအီးသို့ ရောက်ရှိ လာသော ထောင်နှင့်ချီသည့် အာဖဂန်နိုင်ငံသားများကို ယာယီလက်ခံထားရှိရန် သဘောတူညီခဲ့သည်။

ထိုအာဖဂန်နိုင်ငံသားများသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက အမေရိကန် ထောက်ခံပေးထားသည့် အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီး တာလီဘန်များ အာဏာရလာခဲ့ပြီးနောက် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင် ခဲ့သူများဖြစ်သည်။

အာဖဂန်သားတွေကိုတွေ့ရစဉ်

နောက်ပိုင်း နှစ်များအတွင်း အာဖဂန်နိုင်ငံသား ၁၇,၀၀၀ ခန့်သည် ယူအေအီးနိုင်ငံ၏ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာမြို့ဟု လူသိများသည့် အဘူဒါဘီ (Abu Dhabi) မြို့၏ စခန်းတစ်ခုတွင် နေထိုင်ခဲ့ကြသည်။

လက်ရှိ အချိန်တွင် ယူအေအီးနိုင်ငံ၌ ကျန်ရှိသည့် အာဖဂန်နိုင်ငံသား ၃၀ ကျော်သည် ၎င်းတို့၏ အနာဂတ်များ မရေရာမှုနှင့်အတူ ယူအေအီးမှာ သောင်တင်နေကြသည်။

မီဒီယာများ၏ ဖော်ပြချက်အရ ယူအေအီး အရာရှိများသည် အာဖဂန်ဒုက္ခသည် အချို့ကို တာလီဘန် အာဏာပိုင် များထံ လွှဲပြောင်းပေးအပ်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

"ကျနော် သူတို့ကို ကယ်တင်သွားမှာပါ။ အခုကစပြီးတော့ပေါ့" ဟု ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ဇူလိုင် ၂၀ ရက်က ရေးသားခဲ့သည်။

ဇူလိုင် ၁၀ ရက်က အဘူဒါဘီမြို့ရှိ အမေရိကန် အရာရှိများနှင့် တွေ့ဆုံချိန်တွင် ယူအေအီး နိုင်ငံခြားရေးဝန်ကြီး၏ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဆာလမ် အယ် ဇာဘီ (Salem al-Zaabi) က ဇူလိုင်လ အစောပိုင်း၌ အာဖဂန် မိသားစု ၂ စုကို အာဖဂန်နစ္စတန်သို့ ဘေးကင်းစွာနှင့် အောင်မြင်စွာ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့ သည်။

Source: ရိုက်တာ