CNI International News
ဝါရှင်တန်၊ မတ်လ ၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယခင်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ နည်းပညာ မူဝါဒများထဲမှ တစ်ခုဖြစ်သည့် ချစ်ပ်ပြားအက်ဥပဒေ(CHIPS Act)ကို ဖျက်သိမ်းရန် တိုက်တွန်းခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထရမ့်သည် မတ်လ ၄ ရက် ညပိုင်းက ဒုတိယသက်တမ်းအတွက် လွှတ်တော်တွင် ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားရာ၌ ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
မကြာသေးမီက ဂျပန်၏ SoftBank ၊ ထိုင်ဝမ်၏ TSMC ကဲ့သို့ နိုင်ငံပေါင်းစုံတွင် ဖွင့်လှစ်ထားသည့် နည်းပညာ ကုမ္ပဏီများသည် အမေရိကန်၌ ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ရန် ကြေညာခဲ့ကြသည်ဟု ထရမ့်က ဆိုသည်။
ထိုင်ဝမ်အခြေစိုက် TSMC ကုမ္ပဏီကို တွေ့ရစဉ်
ထိုကဲ့သို့သော နည်းပညာကုမ္ပဏီများအား ဆွဲဆောင်ရန် ဒေါ်လာဘီလျံချီ ကုန်ကျမည့် အက်ဥပဒေမျိုး မလိုအပ် ကြောင်း ထရမ့်က ပြောသည်။
“ပြည်ပကုမ္ပဏီတွေကို ကျနော်တို့ ပိုက်ဆံတွေ ထပ်မပေးတော့ပါဘူး။ ခင်ဗျားတို့ရဲ့ ချစ်ပ်ပြားအက်ဥပဒေက တော်တော်ဆိုးရွားပါတယ်။ ကျနော်တို့က ဒေါ်လာဘီလျံချီ ပေးနေရပါတယ်။ ဒါက အဓိပ္ပာယ်လုံးဝ မရှိဘူးလေ” ဟု ထရမ့်က ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့သော ထိုအက်ဥပဒေကို အထက်လွှတ်တော်တွင် အတည်ပြုရန် မဲခွဲဆုံဖြတ်ချိန်အတွင်း ရီပတ်ဘလစ်ကန်အမတ် ၁၇ ဦးက ထောက်ခံမဲပေးခဲ့ကြသည်။
ထိုဥပဒေအရ အမေရိကန်နိုင်ငံအတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့် စက်ရုံသစ်များ ထူထောင်သော ကုမ္ပဏီများကို အမေရိကန်က ထောက်ပံ့ကြေး ပေးရန်အတွက် ဒေါ်လာ ၃၉ ဘီလျံ လျာထားခဲ့သည်။
သို့သော်လည်း ဘိုင်ဒန်အစိုးရအဖွဲ့ သက်တမ်းမကုန်မီ ထိုထောက်ပံ့ကြေးပေးရန် လျာထားသည့် ဒေါ်လာ ၃၉ ဘီလျံထဲမှ အများစုသည် ချစ်ပ်ပြားထုတ်လုပ်ရေးကုမ္ပဏီများကို ထောက်ပံ့ပေးဖို့ ကတိပြုခဲ့ပြီးဖြစ်၍ စာချုပ်များ လည်း ချုပ်ဆိုခဲ့ပြီးဖြစ်သည်။
ဥပမာအားဖြင့် ထိုအက်ဥပဒေအရ TSMC ကုမ္ပဏီသည် အမေရိကန်တွင် ချစ်ပ်ပြားထုတ်လုပ်ရေးစက်ရုံသစ် ဆောက်လုပ်ရန်အတွက် အမေရိကန်အစိုးရထံမှ ရရှိမည့် ထောက်ပံ့ကြေး စုစုပေါင်း ဒေါ်လာ ၆ ဒသမ ၆ ဘီလျံ အနက် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကို လက်ခံရရှိခဲ့ပြီးဖြစ်သည်။
Source: Nikkei Asia