CNI International News

တိုင်ပေ၊ မတ် ၆

ယူကရိန်းနှင့်ရုရှား စစ်ပွဲဖြစ်ပွားနေသည့်တိုင် ယူကရိန်းနိုင်ငံအတွင်းရှိ ကုမ္ပဏီများသည် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများကို ဆက်လက် လည်ပတ်နေသည့် အခြေအနေအား ထိုင်ဝမ်က လေ့လာနေကြောင်း ထိုင်ဝမ်ထိပ်သီး အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်သည် တရုတ်၏ မြင့်တက်နေသည့် ခြိမ်းခြောက်မှုများအောက်တွင် အရေးပေါ် အစီအစဉ်များအတွက် ပြင်ဆင်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။

ထို့နောက် တစ်ချိန်တည်းမှာပဲ ယူကရိန်းကုမ္ပဏီများ၏ စွမ်းဆောင်ရည်များကို သင်ခန်းစာယူ နေခြင်းဖြစ်နိုင် သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး မကြာသေးမီ နှစ်များအတွင်း ထိုင်ဝမ် ကျွန်းအနီးတွင် အကြီးစား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကာ ထိုင်ဝမ်အပေါ် စစ်ရေးနှင့်နိုင်ငံရေး ဖိအားများ တိုးမြှင့်ခဲ့သည်။

ယူကရိန်းဆိပ်ကမ်းကို တွေ့ရစဉ်

“ယူကရိန်းရဲ့ အတွေ့အကြံတွေကို သင်ယူနိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ယူကရိန်းရဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ဟာ စစ်ပွဲကာလအတွင်းမှာ အစိုးရနဲ့ လူ့အဖွဲ့အစည်းအတွက် အခက်အခဲတွေကို ကြံကြံခံ ဖြေရှင်းရာမှာ ဘယ်လို ပုံစံမျိုးနဲ့ ပါဝင်ကူညီပေးခဲ့လဲဆိုတာကို ကျနော်တို့ လေ့လာသင်ယူဖို့ မျှော်လင့်ပါတယ်”ဟု အမည်မဖော်လိုသည့် ထိုင်ဝမ်လုံခြုံရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Uber နှင့် Microsoft ကုမ္ပဏီများ အပါအဝင် ယူကရိန်းနိုင်ငံအတွင်း မရှိမဖြစ် ဝန်ဆောင်မှု လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ပေးနေသည့် ကုမ္ပဏီများကို ထိုင်ဝမ်က ထောက်ပြပြောဆိုခဲ့သည်။

စူပါမားကက်များ အနေဖြင့် အစိုးရ၏ ထောက်ပံ့ရေးကွန်ရက်အတွင်း ပူးပေါင်းပါဝင်မှု၊ သွေးလှူခြင်းကဲ့သို့ ဆေးဘက်ဆိုင်ရာ အရေးပေါ် အခြေအနေများအတွက် အငှားကား ဝန်ဆောင်မှုများကို အဆင်ပြေ ချောမွေ့စေရန် လုပ်ဆောင်ခြင်း အစရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် ယူကရိန်းကုမ္ပဏီများ၏ အိုင်ဒီယာများကို ထိုင်ဝမ်က လေ့လာသင်ယူရမည်ဟု ဆိုသည်။

ထိုင်ဝမ်စစ်တပ်ကို တွေ့ရစဉ်

ထိုင်ဝမ်အစိုးရသည် အရေးပေါ် အခြေအနေမျိုးတွင် ထိုင်ဝမ်ကုမ္ပဏီများ၏ လုပ်နိုင်စွမ်းကို အထောက်အကူ ဖြစ်စေရန်အတွက် ထိုင်ဝမ်နှင့် ယူကရိန်းရှိ ကုမ္ပဏီများကို ချိတ်ဆက်ပြီး အကြံဉာဏ်ရယူရန် လုပ်ဆောင်နေ သည်ဟုလည်း ထိုင်ဝမ်အရာရှိတစ်ဦးက ပြောသည်။

“ကျနော်တို့မှာ တိုက်ခိုက်ချင်တဲ့ စိတ်ဆန္ဒရှိပါတယ်။ အခုတော့ ကျနော်တို့ဟာ ပြင်ဆင်တဲ့ စိတ်ဆန္ဒကို အနီးကပ် လုပ်ဆောင်ရမှာပါ” ဟု ထိုအရာရှိက ပြောကြားခဲ့သည်။

ယူကရိန်းတွင် ရုရှား၏ ဆိုက်ဘာတိုက်ခိုက်မှုများကို ထောက်ရှုပြီး ထိုင်ဝမ်အစိုးရအနေဖြင့် လက်ရှိအသုံးပြုနေ သည့် အွန်လိုင်းစနစ်များကို အစားထိုးနိုင်မည့် အရန်စနစ်များ ထူထောင်ရန် လိုအပ်သည်ဟုလည်း ယူကရိန်းရှိ အမေရိကန်ကုန်သည်ကြီးများအသင်း၏ အကြီးအကဲ အန်ဒီ ဟန်ဒါ (Andy Hunder) က ပြောကြားခဲ့သည်။

Source: Reuters