CNI International News
ဆိုးလ်၊ မတ်လ ၇
မြောက်ကိုရီးယားသည် ရုရှားနိုင်ငံသို့ အသေခံစစ်သား ၃၅၀၀ ထပ်မံ စေလွှတ်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
အဆိုပါ သတင်းများကြောင့် တောင်ကိုရီးယားကို တပ်လှန့်နှိုးဆောင်မှု မြင့်တက်စေခဲ့သည်။
ထောက်လှမ်းရေး သတင်းများအရ ရုရှားသို့ ပို့ဆောင်ခံခဲ့ရသည့် မြောက်ကိုရီးယားစစ်သား အများစုသည် စစ်မြေပြင်တွင် အရှင်ဖမ်းဆီးခံရခြင်းထက် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ဆန္ဒရှိကြသူများဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
ရုရှား၏ အရှေ့ဖျားဒေသတွင် မြောက်ကိုရီးယားက ထပ်မံပို့ဆောင်ပေးခဲ့သည့် စစ်သားပေါင်း ၃၅၀၀ ခန့်သည် စစ်သင်တန်းများ လေ့ကျင့်နေကြောင်း တောင်ကိုရီးယား၏ အာဏာရ ပြည်သူ့အင်အားပါတီမှ လွှတ်တော်အမတ် ယူယောင်ဝမ် (Yu Yong-weon) က မတ်လ ၅ ရက်တွင် အတည်ပြုခဲ့သည်။
မြောက်ကိုရီးယားသည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ရုရှားသို့ မြောက်ကိုရီးယားစစ်သား ၁၅၀၀ ပါဝင်သည့် ဒုတိယအသုတ် စစ်ကူ ပေးပို့ခဲ့သည်ဆိုသည့်သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ယခုသတင်း ထပ်မံ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယအသုတ် ပေးပို့ခဲ့သည့် မြောက်ကိုရီးယား စစ်သားများသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ရုရှားသို့ ပထမအသုတ် စစ်ကူစေလွှတ်ခဲ့သည့် မြောက်ကိုရီးယားစစ်သား ၁၁,၀၀၀ အနက် သေဆုံး၊ ဒဏ်ရာရသူများ နေရာတွင် အစားထိုး တာဝန်ထမ်းဆောင်ရန် ဖြစ်သည်ဟု ယူက ပြောသည်။
“ရုရှားရဲ့ အရှေ့ဖျားဒေသက နေရာဒေသ ၅ ခုမှာ မြောက်ကိုရီးယားစစ်သား ၃၅၀၀ လောက်ဟာ စစ်သင်တန်းတွေ လေ့ကျင့်နေပါတယ်။ အဲဒီစစ်သားတွေဟာ တတိယအသုတ် စစ်ကူစေလွှတ်မှု ဖြစ်နိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
မြောက်ကိုရီးယားစစ်သားတွေကိုတွေ့ရစဉ်
ယူကရိန်းထောက်လှမ်းရေး အကြီးအကဲ ကရီလို ဘူဒါနော့ဗ် (Kyrylo Budanov) သည် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၆ ရက်အတွင်း ပြုလုပ်ခဲ့သည့် စုံစမ်းရေး ခရီးစဉ်အတွင်း ထိုအချက်အလက်များကို ရရှိခဲ့သည်ဟု ယူက ပြောကြားခဲ့ သည်။
လက်ရှိတွင် ရုရှားဘက်မှ စစ်ကူပေးပြီး ယူကရိန်းကို တိုက်ခိုက်နေသည့် မြောက်ကိုရီးယား စစ်သားများထဲမှ ၄၀၀ ခန့်သည် သေဆုံးခဲ့ပြီး ၃၆၀၀ ခန့်သည် ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာမှသက်သာပြီး ရှေ့တန်းသို့ ပြန်လည်ပို့ဆောင်ခံရ သော စစ်သားပေါင်း ၃၀၀ ခန့်ရှိသည်ဟု ယူက ပြောသည်။
ယူကရိန်းအစိုးရကမူ ယူကရိန်းစစ်သားများ ဝင်ရောက် တိုက်ခိုက်နေသည့် ရုရှား၏ ကာ့စ် (Kursk) ဒေသတွင် ရုရှားနှင့် မြောက်ကိုရီးယား စစ်သားပေါင်း ၆၃,၀၀၀ ခန့် ပူးပေါင်းပြီး တိုက်ခိုက်နေသည်ဟု ခန့်မှန်းထားသည်။
Source: South China Morning Post