CNI International News
မော်စကို၊ နိုဝင်ဘာ ၂၃
ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာစစ်ပွဲ ဖြစ်လာသည့် ဝိသေသ လက္ခဏာများရှိလာကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin)က နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ထို့နောက် အနောက်နိုင်ငံများ၏ တိုက်ခိုက်မှုများကို လျစ်လျူရှုထားမည် မဟုတ်ကြောင်းလည်း ပူတင်က သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားသည် ယူကရိန်းအား မျိုးဆက်သစ် တာလတ်ပစ် ဒုံးကျည် အသစ်တစ်စင်းဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်တွင် ပူတင်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelensky) က ရုရှား၏ တိုက်ခိုက်မှုကြောင့် စစ်ပွဲ၏ အရှိန် နှင့် ရက်စက်ကြမ်းကြုတ်မှုသည် သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်း၏မဟာမိတ် အမေရိကန်ကလည်း စစ်ပွဲ၏ အချိုးအကွေ့တိုင်းတွင် တင်းမာမှုများ မြင့်တက်မှုများ အတွက် ရုရှားကို ပြစ်တင် ဝေဖန်ခဲ့သည်။
ရုရှားက ယူကရိန်းကို ပစ်ခတ်ခဲ့သည့် တာလတ်ပစ် ဒုံးကျည်များသည် ကီလိုမီတာ ၅၅၀၀ (မိုင် ၃၄၀) အထိ ပစ်ခတ် ရောက်ရှိနိုင်သည်။
ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ပူတင် အနေဖြင့် ထိုဒုံးကျည်များကို အသုံးပြု၍ အနောက်နိုင်ငံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ပြောဆို နိုင်စွမ်းရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ပူတင်၏ နိုင်ငံတော်မိန့်ခွန်းတွင် ယူကရိန်း၏ မဟာမိတ်များသည် ယူကရိန်းအား ၎င်းတို့ထောက်ပံ့ ပေးထားသည့် လက်နက်များဖြင့် ရုရှားနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခွင့် ပြုနေမှုအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့ သည်။
မကြာသေးမီ ရက်များအတွင်း ယူကရိန်းသည် အမေရိကန်နှင့် ဗြိတိန်တို့က ထောက်ပံ့ပေးခဲ့သည့် ဒုံးကျည်များဖြင့် ရုရှားနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို ပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ကမူ ထိုဒုံးကျည်များကို ပစ်ချနိုင်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။
"ရန်သူတွေရဲ့ ရည်မှန်းချက်တွေဟာ ပြည့်မြောက်အောင်မြင်ခြင်း မရှိဘူးဆိုတာ ထင်ရှားနေပါတယ်"ဟု ၎င်းက ပြောသည်။
ထို့ပြင် မိမိတို့ အဆောက်အအုံများကို တိုက်ခိုက်ရန် ၎င်းတို့၏ လက်နက်များ အသုံးပြုခွင့် ပေးထားသည့် နိုင်ငံများ ၏ စစ်ရေး အဆောက်အအုံများကို မိမိတို့က ပြန်လည်တိုက်ခိုက် ပိုင်ခွင့်ရှိသည်ဟု ယူဆထားကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်။
Source: ရိုက်တာ