CNI International News

ခါကိဗ်၊ ဇူလိုင် ၂၆

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကိဗ် (Kharkiv) မြို့တွင် ဇူလိုင် ၂၄ ရက်က ရုရှား၏ တိုက်ခိုက်မှုများကြောင့် လူ ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရသွားခဲ့ပြီး ဆွစ်ဇာလန် မိုင်းရှင်းလင်းရေ NGO အဖွဲ့၏ရုံးလည်း ထိခိုက်ပျက်စီး သွားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ယူကရိန်း၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် ခါကိဗ်သည် ရုရှားနှင့် နယ်စပ်ချင်း ထိစပ်နေပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့ချိန်ကတည်းက ဒရုန်းများ၊ ဒုံးကျည်များ၊ ပဲ့ထိန်း ဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

ရုရှား၏ တိုက်ခိုက်မှုများသည် ခါကိဗ်တောင်ပိုင်း လိုဇိုဗာ (Lozova) မြို့ကို ထိမှန်ခဲ့ပြီး လူ ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရုရှား တိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ အဆောက်အအုံကို တွေ့ရစဉ်

ဇူလိုင် ၂၄ ရက် ညအချိန် တိုက်ခိုက်မှုကြောင့် ဆွစ်ဇာလန်နိုင်ငံ၏ မိုင်းရှင်းလင်းရေး NGO အဖွဲ့ရုံး အဆောက်အအုံ ၏ မျက်နှာစာ ထိခိုက်ပျက်စီးခဲ့ပြီး မျက်နှာကြက်များ ပြိုကျခဲ့သည်ဟု ဒေသအုပ်ချုပ်ရေးမှူး အိုလက် ရှနီဟူဘော့ဗ် (Oheh Shniehubov) က ပြောကြားခဲ့သည်။

ထို့ပြင် ဆွစ်ဇာလန် NGO အဖွဲ့ အသုံးပြုသည့် မော်တော်ကား ၆ စီးလည်း ထိခိုက်ပျက်စီးခဲ့ပြီး ဆေးတပ်သားများ လည်း ဒဏ်ရာရခဲ့သည်ဟု ၎င်းက ပြောသည်။ 

ထို NGO အဖွဲ့သည် ဒေသတွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းများအတွက် အလွန်အရေးကြီးသည့် အဖွဲ့ဖြစ်သည် ဟုလည်း ရှနီဟူဘော့ဗ်က ပြောသည်။

ရုရှားသည် ညအချိန်တွင် တိုက်ခိုက်မှု ၅ ခု ပြုလုပ်ခဲ့ပြီး နောက်ဆုံး တိုက်ခိုက်မှုသည် စက်မှုဇုန်ကို ထိမှန်ခဲ့ကာ လူ ၆ ဦး ဒဏ်ရာရခဲ့ပြီး မော်တော်ကားများ အပါအဝင် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်ဟု ခါကိဗ် မြို့တော်ဝန် အိုင်ဟော် တာရီကော့ဗ် (Ihor Terekhov) က ပြောကြားခဲ့သည်။

ရုရှားကမူ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သော်လည်း ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်သည့် ၂၉ လတာ ကြာမြင့်လာသော စစ်ပွဲအတွင်း ယူကရိန်းအရပ်သား ထောင်ချီ သေကြေ၊ ဒဏ်ရာရမှုများ ရှိခဲ့သည်။

Source: ရိုက်တာ