CNI International News
ကိယက်ဗ်၊ ဇွန်လ ၁
ဘယ်လာရုစ်နိုင်ငံသည် ရုရှားနိုင်ငံအား ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ရန်အတွက် ဘယ်လာရုစ်၏ နယ်မြေကို အသုံးပြုခွင့် ထပ်မံ ပေးလာနိုင်ကြောင်း ယူကရိန်းအရာရှိများက သတိပေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
လွန်ခဲ့သည့် လေးနှစ်ကျော်က ဘယ်လာရုစ်သမ္မတ လူကာရှန်ကို (Alexander Lukashenko) သည် ၎င်း၏ မဟာမိတ်ဖြစ်သော ရုရှားနိုင်ငံအား ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ရန်အတွက် ဘယ်လာရုစ်၏ နယ်မြေကို အသုံးပြုခွင့်ပေးခဲ့သည်။
လက်ရှိတွင်လည်း ရုရှားစစ်တပ်အတွက် စစ်မျက်နှာဖွင့်ရန် နောက်ထပ် နယ်မြေများ အသုံးပြုခွင့် ပေးလာနိုင် သည်ဟု ယူကရိန်းအရာရှိများက ပြောသည်။
ဘယ်လာရုစ်သည် ယူကရိန်းစစ်ပွဲအတွင်း တိုက်ရိုက် ပါဝင်နေခြင်း မရှိသော်လည်း လူကာရှန်ကိုသည် ရုရှား၏ နျူကလီးယား လက်နက်များနှင့် စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို ဘယ်လာရုစ်နိုင်ငံအတွင်း လက်ခံထားရှိခဲ့သည်။
ထို့ပြင် ရုရှား၏ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းများအတွက် ပစ္စည်း အစိတ်အပိုင်းများကို ထုတ်လုပ်ပေးခြင်းဖြင့် ရုရှားသမ္မတ ပူတင် (Vladimir Putin) ၏ စစ်ပွဲဆင်နွှဲမှုအား သွယ်ဝိုက် ကူညီပေးခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
ယခုလ အစောပိုင်းကလည်း နှစ်နိုင်ငံစလုံးသည် ဘယ်လာရုစ်တွင် ဖြန့်ကြက်ချထားသည့် ရုရှားလက်နက်များ ပါဝင်သော နျူကလီးယား တပ်ဖွဲ့များ၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြသည်။
နှစ်ပေါင်း ၃၀ ကျော်ကြာ အာဏာချုပ်ကိုင်ထားသည့် လူကာရှန်ကိုသည် လူဦးရေ ၉ ဒသမ ၅ သန်းရှိသော ဘယ်လာရုစ်နိုင်ငံကို တင်းကျပ်စွာ အုပ်ချုပ်ခဲ့ပြီး အတိုက်အခံများအား နှိမ်နင်းခြင်း၊ ရုရှားနှင့် ဆက်ဆံရေးကို တိုးမြှင့်ခြင်းအပြင် အနောက်အုပ်စု၏ ပိတ်ဆို့ အရေးယူမှုများအား တုံ့ပြန်ရန်အတွက် ရုရှားအစိုးရထံမှ ငွေကြေး ထောက်ပံ့မှုများဖြင့် ရပ်တည်ခဲ့သည်။
ထိုကဲ့သို့ ရုရှားနှင့် ဘယ်လာရုစ်ကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်းသည် ယူကရိန်း၏ မဟာမိတ်နိုင်ငံများကို ပိုမိုစိုးရိမ်စေခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပူတင်က ယူကရိန်းကို ကျူးကျော်စစ် စတင်ခဲ့ချိန်၌ စစ်ရေးလေ့ကျင့်မှု အသွင်ဖြင့် ဘယ်လာရုစ်နိုင်ငံအတွင်း စုရုံးရောက်ရှိနေခဲ့သည့် ရုရှားစစ်တပ်များသည် ဘယ်လာရုစ်နယ်စပ်၏ တောင်ဘက် ၉၀ ကီလိုမီတာ (၅၆ မိုင်) ခန့်သာ ကွာဝေးသော ကိယက်ဗ်မြို့တော်ဆီသို့ ချီတက်လာခဲ့ကြသည်။
ပူတင်သည် ကိယက်ဗ်မြို့တော်ကို အလျင်အမြန် သိမ်းပိုက်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ယူကရိန်း၏ ကြံ့ကြံ့ခံ ခုခံမှုကြောင့် သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ရုရှားက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နေစဉ်
စစ်ပွဲသည် နှစ်ဖက်စလုံး အင်အားပြုန်းတီးလာခဲ့သည့် ရေရှည်စစ်ပွဲ ဖြစ်လာသည်နှင့်အမျှ ဘယ်လာရုစ်နိုင်ငံသည် ရုရှား၏ စစ်ပွဲဆင်နွှဲမှုများကို ပံ့ပိုးကူညီရာတွင် အဓိကကဏ္ဍမှ ပါဝင်လာခဲ့သည်။
ဘယ်လာရုစ် စက်ရုံများသည် မိုက်ခရို ချစ်ပ်ပြားများနှင့် အခြား အီလက်ထရွန်နစ်ပစ္စည်းများ၊ ပဲ့ထိန်းစနစ်များ၊ အမြှောက်ကျည်များနှင့် ရုရှား၏ ပဲ့ထိန်းဒုံးကျည်များကို သယ်ဆောင်သည့် ထရပ်ကားကြီးများ အပါအဝင် အရေးကြီးသော စစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းများကို ထုတ်လုပ်ပေးခဲ့သည်။
ထို့ပြင် ဘယ်လာရုစ်သည် ရုရှားစစ်တပ်အတွက် စစ်ရေးလေ့ကျင့်ရေး နေရာများကို ပံ့ပိုးပေးခြင်း၊ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို လက်ခံ ကျင်းပခြင်းနှင့် ဒဏ်ရာရရှိခဲ့သော ရုရှားစစ်သားများကို ကုသပေးရန်အတွက် ဆေးရုံ များကို ဖွင့်လှစ်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။
Source: အေပီ
