CNI International News
ဆိုးလ်၊ အောက်တိုဘာ ၂၈
ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်က ကူညီတိုက်ခိုက်ပေးမည့် မြောက်ကိုရီးယားစစ်သားများသည် စစ်မြေပြင်၌ လက်တွေ့တိုက်ခိုက်ရချိန်အတွင်း ထိရောက်စွာ တိုက်ခိုက်နိုင်စွမ်း ရှိ/မရှိ မေးခွန်းများ ထွက်ပေါ်နေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား စစ်သားများသည် ယူကရိန်းကို စစ်ပွဲဆင်နွှဲနေသည့် ရုရှားတပ်ဖွဲ့များဘက်မှ ကူညီတိုက်ခိုက်ပေး ရန် ပြင်ဆင်နေသော သတင်းများ ထွက်ပေါ်နေချိန်တွင် ယခုလို မေးခွန်းများထွက်ပေါ်လာခြင်း ဖြစ်သည်။
ရုရှားသည် ပထမအသုတ် မြောက်ကိုရီးယား စစ်သားများကို အောက်တိုဘာ ၂၇ ရက် သို့မဟုတ် အောက်တိုဘာ ၂၈ ရက်တွင် တိုက်ပွဲဖြစ်ပွားနေသည့် ဇုန်များသို့ စေလွှတ်ဖွယ်ရှိကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy)က X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
ဇာလန်းစကီးသည် ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန်းဒါး ဆိုစကီး (Oleksandr Syrskyi) ထံမှ ရရှိသည့် ထောက်လှမ်းရေး အစီရင်ခံစာကို အခြေခံပြီး ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား စစ်သားများကိုတွေ့ရစဉ်
ရုရှားအရှေ့ပိုင်းဒေသရှိ စစ်ရေးလေ့ကျင့်ရေး စခန်းများတွင် လေ့ကျင့်ခဲ့သည့် မြောက်ကိုရီးယား စစ်သားများ၏ ပထမအသုတ် တပ်ဖွဲ့များသည် ရုရှား-ယူကရိန်း စစ်ပွဲ၏ တိုက်ပွဲဇုန်အနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးအဖွဲ့က အောက်တိုဘာ ၂၄ ရက်ကတည်းက ထုတ်ပြန်ခဲ့သည။
ထို့ပြင် ယခုနှစ် ဩဂုတ်လကတည်းက ယူကရိန်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေသည့် ရုရှား၏ အနောက် တောင်ဘက် ကာ့စ် (Kursk)ဒေသတွင်လည်း မြောက်ကိုရီးယား စစ်သားများရှိနေသော လက္ခဏာများကို တွေ့ရှိခဲ့သည်ဟု ယူကရိန်းစစ်ထောက်လှမ်းရေးအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
သို့သော် ယူကရိန်းနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရုရှား၏ ရှေ့တန်းစစ်မျက်နှာများအနီးသို့ ရောက်ရှိနေသော မြောက်ကိုရီးယားစစ်သားများသည် မြောက်ကိုရီးယားစစ်တပ်၏ အကောင်းဆုံးနှင့် အထူးချွန်ဆုံး စစ်သားများ မဖြစ်နိုင်ကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား စစ်သားများကိုတွေ့ရစဉ်
မကြာသေးမီက ပေါက်ကြားလာသည့် ဗွီဒီယိုမှတ်တမ်းအရ ရုရှားသို့ ရောက်ရှိနေသော မြောက်ကိုရီးယား စစ်သား များသည် အသက် ၂၀ ခန့်သာ ရှိနေသေးသည့် စစ်သားများဖြစ်ပြီး စစ်မှုထမ်းသက်တမ်း နုနယ်နေသော တပ်သားသစ်များဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
ထို့ပြင် ပေါက်ကြားလာသည့် ထိုဗွီဒီယိုထဲတွင် တွေ့ရသော မြောက်ကိုရီးယား စစ်သားများသည် အရပ်အမောင်း ပုခြင်း၊ ခန္ဓာကိုယ်အရွယ်အစား သေးကွေးနေခြင်းတို့ကို တွေ့ရသဖြင့် မြောက်ကိုရီးယား၏ အစာအာဟာရချို့တဲ့ နေမှုကို မီးမောင်းထိုး ပြသနေခြင်းဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့ကြောင့် မြောက်ကိုရီးယား စစ်သားများသည် ရုရှားစစ်တပ်၏ ကွပ်ကဲမှုအောက်တွင် တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေနိုင်ခြင်း ရှိ/မရှိကို ကျွမ်းကျင်သူများက မေးခွန်းထုတ်နေကြပြီး အထူးသဖြင့် ဒရုန်းများနှင့် ရင်ဆိုင်တိုက်ခိုက်ရချိန်၌ ခေတ်သစ်စစ်ဆင်ရေး အတွေ့အကြုံများ နည်းပါးနေနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။
Source: Nikkei Asia