CNI International News

ဆိုဖီယာ၊ အောက်တိုဘာ ၂၈

ဘူဂေးရီးယားနိုင်ငံတွင် ၄ နှစ်အတွင်း သတ္တမအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲကို အောက်တိုဘာ ၂၇ ရက် က ပြုလုပ်ခဲ့သော်လည်း ထိုရွေးကောက်ပွဲသည် ဥရောပသမဂ္ဂ၏ အဆင်းရဲဆုံးနိုင်ငံဖြစ်သည့် ဘူဂေးရီးယား၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖွယ်မရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဘူဂေးရီးယားနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်ကတည်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆန္ဒပြမှုများဖြင့် ဗဟို လက်ယာယိမ်း GERB ပါတီဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း တက်လာသည့် အစိုးရများသည် သက်တမ်းမရှည်ဘဲ မကြာခဏ ဖြုတ်ချခံခဲ့ရသည်။

"ကျနော်ကတော့ အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ သူတို့ (နိုင်ငံရေးသမားများ) တွေကို ကျနော် မယုံပါဘူး" ဟု အသက် ၆၉ နှစ်အရွယ် မဲဆန္ဒရှင်တစ်ဦးဖြစ်သည့် မာရင် ကူးရှက်ဗ် (Marin Kushev) က ဆိုဖီယာ (Sofia) မြို့တော်ရှိ မဲရုံတစ်ရုံတွင် မဲထည့်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ မဲထည့်နေစဉ်

နောက်ဆုံး ကောက်ခံခဲ့သည့် လူထုသဘောဆန္ဒ စစ်တမ်းတွင်လည်း ယခုရွေးကောက်ပွဲတွင် မည်သည့်ပါတီကမျှ လွှတ်တော်၌ နေရာအများဆုံး ရရှိလိမ့်မည်မဟုတ်ကြောင်း ရလဒ်များ ထွက်ပေါ်ခဲ့သဖြင့် ညွန့်ပေါင်းဖွဲ့ရန် ခက်ခက် ခဲခဲ ဆွေးနွေးရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

"တည်ငြိမ်တဲ့ အစိုးရအဖွဲ့ ဖွဲ့စေချင်ပါတယ်။ အဲဒါမှ ကျမ ဘူဂေးရီးယားကို ပြန်လာနိုင်မှာပါ။ လောလောဆယ် ကျမက အင်္ဂလန်မှာနေတာပါ။ ဒါပေမယ့် အခုချိန်မှာတော့ မဖြစ်နိုင်သေးဘူးလို့ ထင်ပါတယ်" ဟု အသက် ၅၃ နှစ်အရွယ် မန်နေဂျာတစ်ဦးဖြစ်သည့် ရေနာ စတန်ချီဗာ (Raina Stancheva) အင်္ဂလန်မှခဏပြန်လာပြီး ဆိုဖီယာမြို့တော်တွင် မဲပေးခဲ့ချိန်တွင် ပြောကြားခဲ့သည်။

မဲရုံများကို ဒေသစံတော်ချိန် ည ၈ နာရီတွင် ပိတ်ခဲ့ပြီးနောက် ရွေးကောက်ပွဲရလဒ်များကို မကြာမီ အချိန်အတွင်း ကြေညာသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ မဲထည့်နေစဉ်

အောက်တိုဘာ ၂၆ ရက်တွင် ဘူဂေးရီးယား အမျိုးသားရေဒီယိုဌာနက ထုတ်ပြန်သည့် Gallup International Balkans စစ်တမ်း၌ GERB ပါတီသည် မဲစုစုပေါင်း၏ ၂၆ ဒသမ ၁ ရခိုင်နှုန်းကို ရရှိလိမ့်မည်ဖြစ်ပြီး အခြားပါတီ နှစ်ခုက ဒုတိယနေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း ခန့်မှန်းထုတ်ပြန်ခဲ့သည်။

ပြုပြင်ပြောင်းလဲရေး  PP ပါတီနှင့် အစွန်းရောက် အမျိုးသားရေးပါတီဖြစ်သည့် ရုရှားလိုလားသော Revival ပါတီတို့ကမူ မဲစုစုပေါင်း၏ ၁၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၁၄ ဒသမ ၉ ရာခိုင်နှုန်းစီ အသီးသီး ရရှိလိမ့်မည်ဟု စစ်တမ်းတွင် ဖော်ပြခဲ့သည်။

"ကျမ နှစ်ပေါင်း ၄၀ လောက် အလုပ်လုပ်ခဲ့ပေမယ့် အငြိမ်းစားယူပြီပြီး ပင်စင်လခစာကတော့ တစ်လကို ဒေါ်လာ ၄၀၀ ပဲရနေပါတယ်။ ဘဝက ခက်ခဲပါတယ်" ဟု အသက် ၇၃ နှစ်အရွယ် ပင်စင်စားတစ်ဦးဖြစ်သူ လော်ဒန်ကာ မက်တိုဒီဗာ (Iordanka Metodieva) က ပြေကြားခဲ့သည်။

Source: ရိုက်တာ