CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၈

အမေရိကန်တွင် နိုဝင်ဘာ ၅ ရက်၌ ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) က အနိုင်ရရှိသွားမည့်အရေးကို သမ္မတကတော်ဟောင်း မီရှဲလ်အိုဘားမားက စိုးရိမ်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာဟားရစ် ( Kamala Harris) သာ လာမည့် ၁၀ ရက်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့မည်ဆိုပါက အမေရိကန်၏ အထူးသမ္မတတစ်ဦး ဖြစ်လာလိမ့်မည်ဟု မီရှဲလ်က ဟားရစ်၏ မဲဆွယ်စည်းရုံးပွဲ၌ ပြောကြားခဲ့သည်။

သို့သော် မကြာသေးမီ သီတင်းပတ်များအတွင်း ဟားရစ်အပေါ် လူထုထောက်ခံမှု အရှိန်အဟုန် လျော့ကျခဲ့သည့် အခြေအနေအတွက် ဟားရစ်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို အားမလိုအားမရ ဖြစ်မိကြောင်းလည်း ယခင်သမ္မတ ဘားရက်အိုဘားမား (Barack Obama) ၏ ဇနီးဖြစ်သူ မီရှဲလ်က ပြောကြားခဲ့သည်။

"ကာမယ်လာနဲ့ပတ်သက်ပြီး ကျမရဲ့ မျှော်လင့်ချက်တွေနဲ့အတူ စိုးရိမ်စိတ်တွေလည်း ဖြစ်မိပါတယ်။ ဒီပြိုင်ပွဲက ဘာလို့ ဒီလောက်တောင် သူတင်ကိုယ်တင် ယှဉ်ပြိုင်နေရတာပါလဲ" ဟု မီရှဲလ်က ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်နဲ့ အိုဘားမားတို့ အတွဲကိုတွေ့ရစဉ်

"သူ (ထရမ့်) က စိတ်ကျန်းမာရေး ကျဆင်းနေပြီး နောက်ကြောင်း ရာဇဝင်မှာလည်း ပြစ်မှုဆိုင်ရာ စွဲချက်တွေ ရှိခဲ့သူဖြစ်သလို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရသူပါ။ အဲဒါကြောင့် အခုလို ပြိုင်ဆိုင်မှု ပြင်းထန်နေတာကို ကျမ နည်းနည်း ဒေါသထွက်မိပါတယ်" ဟု မီရှဲလ်က ပြောကြားခဲ့သည်။

မီရှဲလ်သည် ပြိုင်ဆိုင်မှုပြင်းထန်သည့် မီချီဂန် (Michigan) ပြည်နယ်တွင် ဟားရစ်နှင့်အတူ မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့ပြီး ကိုယ်ဝန်ဖျက်ချပိုင်ခွင့်၊ အမျိုးသမီးများ၏ ကျန်းမာရေးစောင့်ရှောက်မှု အစရှိသည့် အခွင့်အရေးများ သည် မဲဆန္ဒရှင်များအပေါ်၌ မူတည်နေကြောင်း ပြောကြားခဲ့သည်။

ထရမ့်ကလည်း အောက်တိုဘာ ၂၆ ရက်တွင် မီချီဂန်ပြည်နယ်၌ မဲဆွယ်စည်းရုံပွဲ ပြုလုပ်ခဲ့ပြီး ဟားရစ်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ လူဝင်မှုရေးရာ မူဝါဒနှင့်ပတ်သက်ပြီး ဟားရစ်ကို စွပ်စွဲပြောဆိုခဲ့သည်။

ဟားရစ်နဲ့မီရှဲလ်အိုဘားမားကို တွေ့ရစဉ်

"သူ (ဟားရစ်) က တုံးအတဲ့သူပါ။ ဒီလိုလူမျိုးက သမ္မတ မဖြစ်နိုင်ပါဘူး။ သူက ကျနော်တို့နိုင်ငံကို ဖျက်ဆီးပါလိမ့် မယ်။ ဒါကိုလည်း အားလုံးသိပါတယ်။ ဘယ်သူကမှ သူ့ကို မလေးစားပါဘူး။ အခုဆိုရင် အမေရိကန်က သိမ်းပိုက်ခံ ထားရတဲ့ နိုင်ငံဖြစ်နေပါပြီ။ ကာမယ်လာ ဖျက်ဆီးထားတာကို ကျနော်တို့က ပြင်ဆင်ပေးသွားမှာပါ" ဟု ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန်တွင် ကြိုတင်မဲပေးသူပေါင်း ၃၈ သန်းကျော် ရှိလာပြီဖြစ်ပြီး အမေရိကန်ပြည်သူများသည် ဟားရစ်ကို ပထမဆုံး အမေရိကန်သမ္မတအဖြစ် သို့မဟုတ် ထရမ့်ကို အသက်အကြီးဆုံး အမေရိကန်သမ္မတအဖြစ် ရွေးချယ်ရ မည်ဖြစ်သည်။

လက်ရှိတွင် အသက် ၈၁ နှစ် အရွယ်ရှိပြီဖြစ်သည့် သမ္မတဘိုင်ဒန်သည် အသက်အကြီးဆုံး အမေရိကန်သမ္မတ ဖြစ်သော်လည်း သူသမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်က ၈၇ နှစ်၊ ၂ လနှင့် ၁ ရက်ဖြစ်သည်။

လက်ရှိ ထရမ့်၏ အသက်သည် ၇၈ နှစ်နှင့် ၄ လကျော်ဖြစ်သဖြင့် ထရမ့်သာ သမ္မတအဖြစ် ရွေးကောက်ခံရမည် ဆိုပါက အသက်အကြီးဆုံး အမေရိကန်သမ္မတ ဖြစ်လာမည်ဖြစ်သည်။

Source: SCMP