CNI International News

ကာဇန်၊ အောက်တိုဘာ ၂၆

ရုရှားသမ္မတ ပူတင်သည် အောက်တိုဘာ ၂၄ ရက်က ရုရှားနိုင်ငံ၊ ကာဇန် (KAZAN) မြို့တွင် ပြုလုပ်သည့် BRICS ညီလာခံတွင် အစ္စရေးနှင့် အီရန်အကြား တင်းမာမှုများ မြင့်တက်လာသဖြင့် အရှေ့အလယ်ပိုင်းဒေသသည် မီးကုန်ယမ်းကုန် စစ်ပွဲဖြစ်ပွားမည့် အခြေအနေသို့ ရောက်ရှိလုနီးအချိန် ဖြစ်နေကြောင်း သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် ( Xi Jinping) ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် တူရကီသမ္မတ အာဒိုဂန် (Tayyip Erdogan) တို့ အပါအဝင် ခေါင်းဆောင်ပေါင်း ၂၀ ကျော် တက်ရောက်သည့် BRICS ညီလာခံသည် အနောက်ကမ္ဘာထက် ကျော်လွန်သည့် ရုရှား၏ ဆက်ဆံရေး နက်ရှိုင်းပုံကို ပြသရာရောက်ခဲ့သည်။

ထိုညီလာခံတွင် အများဆုံး ဆွေးနွေးသည့် အကြောင်းအရာများမှာ ယူကရိန်းစစ်ပွဲနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခတို့ဖြစ်ပြီး ထိုပဋိပက္ခ ၂ ခုစလုံးသည် အဆုံးသတ်ဖွယ် မရှိသေးသည့် အရိပ်လက္ခဏာများ ထွက်ပေါ်နေ သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်

"အစ္စရေးနဲ့ အီရန်ကြား ထိပ်တိုက်တွေ့မှုအဆင့်ဟာ သိသိသာသာ မြင့်တက်နေပါတယ်။ အဲဒီအခြေအနေတွေ အားလုံးဟာ အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးမှာ မီးကုန်ယမ်းကုန် စစ်ပွဲဖြစ်ပွားမယ့် အနေအထားကို ဖန်တီး နေပါတယ်" ဟု ညီလာခံတွင် ရှီနှင့် ဘေးချင်းကပ် ထိုင်ခဲ့သည့် ပူတင်က ပြောကြားခဲ့သည်။

ပူတင်၏ ပြောကြားမှုအပြီးတွင် ရှီက တရုတ်သည် ယူကရိန်းအရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ကျေအေးစေလို ကြောင်း၊ တရုတ်နှင့် ဘရာဇီးလ်တို့၏ ပူးပေါင်းအားထုတ် ကြိုးပမ်းမှုများသည် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အခွင့်အလမ်းတစ်ခုကို ပေါ်ပေါက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

"တင်းမာမှုတွေကို စောစောစီးစီး လျှော့ချနိုင်ဖို့နဲ့ နိုင်ငံရေးအရ ကျေအေးမှု ရရှိစေဖို့အတွက် ကျနော်တို့ လုပ်ဆောင်ဖို့ လိုပါတယ်" ဟု ရှီက ပြောကြားခဲ့သည်။

BRICS ခေါင်းဆောင်များကိုတွေ့ရစဉ်

အရှေ့အလယ်ပိုင်း ဒေသတွင်လည်း ဂါဇာတွင် အဓိပ္ပာယ်ပြည့်ဝသည့် အပစ်အခတ်ရပ်စဲရေး ရရှိရန်နှင့် လက်ဘနွန် သို့  စစ်ပွဲပျံ့နှံ့လာမှုကို ရပ်တန့်ရန်၊ အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲ ရပ်တည်ရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ရှီက တိုက်တွန်းခဲ့သည်။

အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) ကမူ ပဋိပက္ခကို အဆုံးသတ်ရန် ပျက်ကွက်သည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အထူးသဖြင့် ကုလသမဂ္ဂကို ဝေဖန်ပြစ်တင်ခဲ့သည်။

"ဂါဇာနဲ့ လက်ဘနွန်က မြို့တွေမှာ စစ်မီးတွေ ဆက်လက် တောက်လောင်နေပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရဲ့ မောင်းနှင်အား တစ်ခုဖြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အဲဒီစစ်မီးတွေကို ညှိမ်းသတ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်" ဟု ပီဇက်ရှ်ကီယန်က ပြောကြားခဲ့သည်။

Source: ရိုက်တာ