CNI International News

ဂျိုဟန်နက်စဘတ်ချ်၊ သြဂုတ် ၂၃

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်ချ်မြို့တွင် ပြုလုပ်သည့် BRICS ညီလာခံကို အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် တက်ရောက်လာခဲ့ခြင်း မရှိကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက တို့ပါဝင်သည့်  BRICS ညီလာခံသည် Covid-19 ကပ်ရောဂါ ကာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် တက်ရောက်သည့် အစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၂ ရက်မှစတင်ကာ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

ထိုညီလာခံကို တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၊ ဘရာဇီးလ်သမ္မတ လူလာ ဒါဆေးလ်ဗား (Luiz Inacio Lula da Silva) ၊အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi) နှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တောင်အာဖရိကသမ္မတ ဆိုင်ရေး ရာမာဖိုဆာ (Cyril Ramaphosa) တို့ တက်ရောက်မည် ဖြစ်သော်လည်း ရုရှားသမ္မတ ပူတင်သည် တက်ရောက်ခဲ့ခြင်း မရှိပေ။

ရှီကျင့်ဖျင်နဲ့ တောင်အာဖရိကသမ္မတ တွေ့ဆုံစဉ်

အဘယ်ကြောင့်ဆိုသော် ယူကရိန်းစစ်ပွဲအတွင်း ယူကရိန်း ကလေးငယ်များကို နယ်နှင်မှုစွဲချက်ဖြင့် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC) က ပူတင်ကို ဖမ်းဝရမ်း ထုတ်ခဲ့သောကြောင့် ပူတင်၏ တောင်အာဖရိက ခရီးစဉ်သည် အခြေအနေကို ရှုတ်ထွေးစေနိုင်သဖြင့် ညီလာခံကို မတက်ရောက်ခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၃ ရက်တွင် BRICS ခေါင်းဆောင်များသည် အဓိကဦးစားပေး အကြောင်းအရာများကို ဆွေးနွေးသွား မည်ဖြစ်ပြီး ဆော်ဒီအာရေဗျ၊ အီရန်နှင့် ယူအေအီး အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က BRICS အဖွဲ့အတွင်း ဝင်ရောက်ရန် လျှောက်ထားခဲ့ကြပြီးဖြစ်သည်ဟု တောင်အာဖရိက အရာရှိများက ပြောသည်။

BRICS အဖွဲ့ဝင်နိုင်ငံများသည် အဖွဲ့ဝင်ဖြစ်လိုသည့် နိုင်ငံများအတွက် လိုအပ်သည့် စံသတ်မှတ်ချက်များကို ဆွေးနွေးမည်ဖြစ်ပြီး အနောက်အုပ်စုနှင့် ဆက်ဆံရေး တင်းမာနေသည့် ရုရှားနှင့် တရုတ်ကမူ BRICS အဖွဲ့ကို အင်အားတိုးချဲ့ရန် အဖွဲ့ဝင်နိုင်ငံသစ်များကို ပါဝင်စေရန် ဆန္ဒရှိနေကြသည်။

BRICS ညီလာခံအတွက် ပြင်ဆင်ထားစဉ်

တောင်အာဖရိက ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး အီဘရာဟင် ပက်တယ် (Ebrahim Patel) က တရားဝင် ဖွင့်လှည့်ခဲ့သည့် BRICS ညီလာခံဖွင့်ပွဲတွင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် ၁၂၀၀ နှင့် အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ကိုယ်စားလှယ်များကို ကြိုဆိုကြောင်း ကြေညာခဲ့သည်။ 

သုံးရက်ကြာပြုလုပ်မည့် BRICS ညီလာခံတွင် နိုင်ငံ့ ခေါင်းဆောင်ပေါင်း ၄၀ ကျော် တက်ရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း တောင်အာဖရိကသမ္မတ ရာမာဖိုဆာက ပြောကြားခဲ့သည်။

ထို့ပြင် BRICS ညီလာခံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) လည်း တက်ရောက်ဖွယ်ရှိသည်။

ရုရှားနိုင်ငံသည် BRICS ညီလာခံသို့ နိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လက်ဗရော့ဗ် (Sergey Lavrov) ကို ရုရှား ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့ပြီး သမ္မတ ပူတင်သည်လည်း ထိုညီလာခံတွင် ဗွီဒီယိုဆက်သွယ်မှုမှ တစ်ဆင့် မိန့်ခွန်း ပြောကြားသွားမည်ဟု ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့သည်။

Source: အေပီ