CNI International News
မော်စကို၊ နိုဝင်ဘာ ၁၁
ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် မြောက်ကိုရီးယားနှင့် အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက် များပါဝင်သည့် မဟာဗျူဟာမြောက် ကာကွယ်ရေးစာချုပ်ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပူတင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) တို့ ပြုံယမ်း (Pyongyang) မြို့တော်တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ချုပ်ဆိုခဲ့သည့် ထိုစာချုပ်တွင် တစ်နိုင်ငံက တိုက်ခိုက်ခံရပါက နောက်တစ်နိုင်ငံ က ကူညီပေးရန် သဘောတူထားသည်။
ထိုစာချုပ်ကို ယခုသီတင်းပတ်အတွင်း အထက်လွှတ်တော်က အတည်ပြုခဲ့ပြီး ပြီးခဲ့သည့်လက အောက်လွှတ်တော် က အတည်ပြုခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်
ယူကရိန်းစစ်ပွဲ စတင်သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း မြောက်ကိုရီးယားနှင့် ရုရှားအကြား ဆက်ဆံ ရေးသည် ထိုစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ပိုမိုနီးစပ်လာခဲ့သည်။
တောင်ကိုရီးယားနှင့် အနောက်နိုင်ငံများကမူ မြောက်ကိုရီးယားသည် ရုရှားကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ နေပြီး စစ်သားများ စေလွှတ်ထားကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ရုရှားသို့ စစ်သား ၁၁,၀၀၀ စေလွှတ်ခဲ့ကြောင်းနှင့် ထိုစစ်သားများထဲမှ အချို့သည် ရုရှား တောင်ပိုင်း ကာ့စ်ဒေသတွင် ယူကရိန်းတပ်ဖွဲ့များနှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) က နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားအစိုးရကမူ မြောက်ကိုရီးယား စစ်သားများ ရုရှားတွင် ရှိနေသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး အတည်ပြုခဲ့ခြင်း မရှိပေ။
Source: Reuters