CNI International News

ပြုံယမ်း၊ ဇန်နဝါရီ ၁၀

မြောက်ကိုရီးယားနှင့် ရုရှားတို့ကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာချိန်တွင် မြောက်ကိုရီး ယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ရုရှားသမ္မတ ပူတင် (Vladimir Putin) ၏ မူဝါဒများကို ရာသက်ပန် ထောက်ခံသွားမည်ဟု ကတိပြုခဲ့ကြောင်း  မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီမှ ဇန်နဝါရီ ၉ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

KCNA ၏ ဖော်ပြချက်အရ ကင်မ်သည် ပူတင်ထံသို့ ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် “အဆွေတော်ရဲ့ မူဝါဒတွေနဲ့ ဆုံးဖြတ်ချက်တွေ အားလုံးကို ကျနော် ခြွင်းချက်မရှိ လေးစား လိုက်နာမှာဖြစ်သလို ခြွင်းချက်မရှိ ထောက်ခံသွား မှာပါ။ အဆွေတော်နဲ့ အဆွေတော်ရဲ့ ရုရှားနိုင်ငံအတွက် ကျနော်ဟာ အဆွေတော်နဲ့အတူ အမြဲတမ်း ရှိနေဖို့ အသင့် ရှိနေပါတယ်” ဟု ရေးသားထားသည်။

ထို့ပြင် ထိုရပ်တည်ချက်သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ဘဲ ထာဝရခိုင်မာနေမည်ဖြစ်ကြောင်းလည်း ကင်မ်က ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

“ကျနော်တို့ကြားက စစ်မှန်တဲ့ ရဲဘော်ရဲဘက် စိတ်ဓာတ်ကို နောက်တစ်ကြိမ် ခံစားမိရုံ တင်မကဘဲ အဆွေတော်နဲ့ ချစ်ကြည်ရင်းနှီးမှုကို ကျနော့်အတွက် အဖိုးတန်ဆုံးအရာနဲ့ ဂုဏ်ယူစရာ တစ်ခုအဖြစ် သတ်မှတ်ထားတယ် ဆိုတာ ကို ဒီသဝဏ်လွှာကတစ်ဆင့် အလေးအနက် ပြောကြားလိုပါတယ်” ဟု ကင်မ်က ရေးသားခဲ့သည်ဟု ဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

ထိုသဝဏ်လွှာသည် ရုရှားသမ္မတ ပူတင်က ပေးပို့ခဲ့သော ဂုဏ်ပြုစာလွှာကို တုန့်ပြန်သည့် အနေဖြင့် ကင်မ်က ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ပူတင်၏ သဝဏ်လွှာသည် မည်သည့်အချိန် သို့မဟုတ် မည်သည့် အထိန်းအမှတ်အတွက် ပေးပို့ခဲ့ခြင်းဖြစ်သည်ကို KCNA က အတိအကျ ဖော်ပြခြင်း မရှိသော်လည်း ဇန်နဝါရီ ၈ ရက်နေ့တွင် ကျရောက်သော ကင်မ်၏ မွေးနေ့ အတွက် ဂုဏ်ပြုပေးပို့ခဲ့ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။

ပူတင်၏ သဝဏ်လွှာသည် မိမိနှင့် မြောက်ကိုရီးယား ပြည်သူများအပေါ် ထားရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှု၏ ပြယုဂ်ဖြစ်ကြောင်း ကင်မ်က မှတ်ချက်ပြုခဲ့ပြီး ပူတင်၏ အရေးကြီးသော လုပ်ငန်းဆောင်တာများ အားလုံးတွင် ကြီးမားသော အောင်မြင်မှုများ ရရှိပါစေကြောင်း ကင်မ်က ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

Source: Korea JoongAng Daily