CNI International News

ဆော်ပိုလို၊ ဇန်နဝါရီ ၁၀

ဗင်နီဇွဲလားနယ်စပ်အနီးရှိ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် တရားမဝင် သတ္တုတူးဖော်မှုများ လုပ်ဆောင်နေသည့် လက်နက်ကိုင်ဂိုဏ်းများ လွှမ်းမိုးထားသော ရိုရိုင်းမား (Roraima) ပြည်နယ် မြောက်ပိုင်းသို့ အမျိုးသားလုံခြုံရေး တပ်ဖွဲ့ဝင်များကို စေလွှတ်ရန် စီစဉ်နေကြောင်း ဘရာဇီးလ်အစိုးရက ထုတ်ပြန်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ခဲ့သည့် ထိုအမိန့်စာတွင် အမျိုးသားပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (FNSP) မှ တပ်ဖွဲ့ဝင်များ ကို ဗင်နီဇွဲလားနယ်စပ်နှင့် ၂၁၃ ကီလိုမီတာ (၁၃၂ မိုင်) ခန့် အကွာတွင်ရှိသော ရိုရိုင်းမားပြည်နယ်၏ မြို့တော် ဘိုအာ ဗစ္စတာ (Boa Vista) နှင့် ပါကာရိုင်းမား (Pacaraima) မြို့များကို စေလွှတ်ရန် လုပ်ပိုင်ခွင့်ပေးခဲ့သည်။

သို့သော် ထိုမြို့များသို့ FNSP တပ်ဖွဲ့ဝင်များ စေလွှတ်မည့် အရေအတွက် အတိအကျကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

ဇန်နဝါရီ ၃ ရက်တွင် ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်က တိုက်ခိုက်ပြီး ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးနောက် ဘရာဇီးလ်၏ လုံခြုံရေးအစီအမံများ ထွက်ပေါ်လာ ခြင်း ဖြစ်သည်။

အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ရက်အကြာဖြစ်သည့် ဇန်နဝါရီ ၄ ရက်ကလည်း ဘရာဇီးလ်သည် ပါကာ ရိုင်းမား (Pacaraima) မြို့အနီးရှိ ဗင်နီဇွဲလားနှင့် ထိစပ်နေသော နယ်စပ်ကို ယာယီပိတ်ထားခဲ့သည်။

 ဘရာဇီးလ်နဲ့ဗင်နီဇွဲလား နယ်စပ်မှာ အမျိုးသားအစောင့်တပ်ကိုတွေ့ရစဉ်

ယခုထုတ်ပြန်ခဲ့သည့် အမိန့်စာတွင် FNSP သည် ပြည်နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးဆိုင်ရာ အေဂျင်စီများကို ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး အများပြည်သူ အေးချမ်းသာယာရေးနှင့် လူသားများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် လိုအပ်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗင်နီဇွဲလားနိုင်ငံသည် နယ်စပ်ဒေသတွင် စစ်အင်အားကို တိုးမြှင့်ချထားပြီး First Capital Command (PCC) နှင့် Red Command (CV) အပါအဝင် ဘရာဇီးလ်နှင့် ဗင်နီဇွဲလား၏ လက်နက်ကိုင်အဖွဲ့အစည်း အများအပြားသည် ထိုနယ်မြေအတွင်း လှုပ်ရှားနေကြောင်း ဘရာဇီးလ်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဘရာဇီးလ်သည် ဗင်နီဇွဲလားအား တိုက်ခိုက်ခဲ့သည့် အမေရိကန်ကို ပြင်းထန်စွာ ဝေဖန်ခဲ့သော နိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။

ဘရာဇီးလ်သမ္မတ လူဝီ အီနာစီယို လူလာ ဒါဆေးလ်ဗား (Luiz Inacio Lula da Silva) ကလည်း  အမေရိကန် သည် လက်ခံနိုင်စရာ မရှိသည့် စည်းကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်ကြောင်း ၎င်း၏ X လူမှုမီဒီယာတွင် ရေးသား ဖော်ပြခဲ့သည်။

Source: အယ်လ်ဂျာဇီးယား