CNI International News

တီဟီရန်၊ ဇန်နဝါရီ ၁၀

အီရန်နိုင်ငံတစ်ဝန်းတွင် စီးပွားရေး ကျပ်တည်းမှုများကြောင့် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားနေချိန်၌ ဇန်နဝါရီ ၉ ရက်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ကြောင်း အင်တာနက်လေ့လာ စောင့်ကြည့်ရေးအဖွဲ့ NetBlocks က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အင်တာနက်လိုင်း ပြတ်တောက်မှုနှင့် ပတ်သက်သည့် နောက်ထပ် အသေးစိတ် အချက်အလက်များကိုမူ ချက်ချင်း မသိရသေးပေ။

အီရန်၏ တီဟီရန် (Tehran) မြို့တော်၊ မာရှတ် (Mashhad) နှင့် အစ္စဖာဟန် (Isfahan) ကဲ့သို့ အဓိကမြို့ကြီးများ တွင် ဆန္ဒပြသူများသည် လမ်းများပေါ် ထွက်လာခဲ့ပြီး အစိုးရဆန့်ကျင်သည့် ဆောင်ပုဒ်များကို ဟစ်ကြွေးခဲ့ကြ သည်ဟု ထိုမြို့များတွင် နေထိုင်သော မျက်မြင်သက်သေများက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေးတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် အီရန်၏ ရှားဘုရင် (ကွယ်လွန်) ၏ သားဖြစ်သူ ရီဇာ ပါလာဗီ (Reza Pahlavi) ကလည်း ဆန္ဒပြပွဲများ ပိုမိုပြုလုပ်ကြရန် ဇန်နဝါရီ ၇ ရက်က  X လူမှုမီဒီယာ၌ ဗွီဒီယိုဖိုင်တင်ပြီး တိုက်တွန်းနှိုးဆော်ခဲ့သည်။

လူမှုမီဒီယာများပေါ်တွင် ပျံ့နှံ့နေသော ပို့စ်များအရ အီရန်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးမြို့ငယ်များတွင် ဆန္ဒပြသူများ သည် ပါလာဗီ (Pahlavi) ကို ထောက်ခံသည့် ကြွေးကြော်သံများကို ဟစ်ကြွေးနေကြပုံများအား မြင်တွေ့ရသော် လည်း ထိုဗွီဒီယိုများသည် အစစ်အမှန် ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်ပေ။

 အမျိုးသမီးတစ်ဦး အင်တာနက်သုံးနေစဉ်

သို့သော် အီရန်အစိုးရပိုင် မီဒီယာများကမူ နိုင်ငံတစ်ဝန်းရှိ မြို့များတွင် တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း ဖော်ပြခဲ့ ကြသည်။

ယခု ဖြစ်ပွားနေသော ဆန္ဒပြပွဲများသည် ပြီးခဲ့သည့် ၃ နှစ်အတွင်း အီရန်တွင် အကြီးမားဆုံး ဆန္ဒပြ လှုပ်ရှားမှုဖြစ် သည်။

ပြီးခဲ့သည့်လက တီဟီရန်မြို့တော်ရှိ Grand Bazaar ဈေးကြီးတွင် အီရန်နိုင်ငံသုံး ရီယဲလ် (Rial) ငွေကြေးတန်ဖိုး ကျဆင်းသွားမှုကို ကန့်ကွက်သည့် ဈေးဆိုင်ရှင်များ၏ လှုပ်ရှားမှုမှတဆင့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian)  ကမူ လက်ရှိ အခြေအနေမျိုးတွင် ပြည်တွင်း ကုန်သည်များ အနေဖြင့် ကုန်ပစ္စည်းများကို သိုလှောင်ထားခြင်း သို့မဟုတ် ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန် သတိပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၈ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ