CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၁၇
ဆန္ဒပြသူများကို ဆက်လက် သတ်ဖြတ်နေပါက ဆိုးရွားသည့် အကျိုးဆက်နှင့် ရင်ဆိုင်ရမည်ဟု သမ္မတ ဒေါ်နယ် ထရမ့် (Donald Trump) က အီရန်ကို သတိပေးထားကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ကာရို လိုင်း လက်ဗစ် (Karoline Leavitt) က သတင်းထောက်များကို ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထို့နောက် အီရန်သည် ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်ရန် စီစဉ်ထားသည့် အီရန်ဆန္ဒပြသူ ၈၀၀ အား သေဒဏ်စီရင် ကွပ်မျက်မည့် အစီအစဉ်ကို ရပ်တန်ခဲ့သည်ဆိုသော သတင်းစကားကို ထရမ့်က ရရှိခဲ့ကြောင်း လက်ဗစ်က ဆိုသည်။
အီရန်တရားရေးဝန်ကြီးဌာနသည် ဇန်နဝါရီ ၁၄ ရက် အစောပိုင်းက ဆန္ဒပြသူများကို ရုံးတင်စစ်ဆေးခြင်းနှင့် သေဒဏ်ပေးခြင်းများကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ထိုနေ့ နှောင်းပိုင်းတွင်မူ ထိုထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထရမ့်ကမူ အီရန်တွင် သေဒဏ်ပေးမှုများ ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်ကြောင်း တစ်ဖက်နိုင်ငံရှိ အလွန်အရေးကြီးသော သတင်းရင်းမြစ်များထံမှ အာမခံချက် ရရှိထားသည်ဟု ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြား ခဲ့သည်။
ထို့ပြင် ထရမ့်သည် အီရန်အစိုးရအပေါ် စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်ထားမှုများကိုလည်း လတ်တလောတွင် ဆိုင်းငံ့ထားမည့် လက္ခဏာမျိုး ပြသခဲ့သည်။
အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်ခြင်းသည် အီရန်အစိုးရ ပြိုလဲမသွားစေသည့်အပြင် ပိုမိုကျယ်ပြန့်သော ဒေသ တွင်း ပဋိပက္ခတစ်ခုကို ဖြစ်ပွားစေမည့် အန္တရာယ်ရှိကြောင်း ထိပ်သီးလက်ထောက်များက ထရမ့်ကို အကြံပေးထား ကြသည်ဟု အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး Wall Street Journal က ဇန်နဝါရီ ၁၅ ရက် တွင် ဖော်ပြခဲ့သည်။

အီရန်ဆန္ဒပြသူများ သေဆုံးသွားသူများကို တွေ့ရစဉ်
အမေရိကန်အနေဖြင့် အီရန်နိုင်ငံအတွင်းရှိ အခြေအနေများကို ဆက်လက် စောင့်ကြည့်နေကြောင်းနှင့် နောက်ဆုံး ရရှိသော သတင်းများအရ ဆန္ဒပြပွဲများမှာ အရှိန်လျော့ကျလာသည်ဟု ဖော်ပြနေကြောင်း လက်ဗစ်က ပြောကြားခဲ့ သည်။
“တကယ်လို့ သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်ဆိုတာကို သမ္မတထရမ့်နဲ့ သူ့ရဲ့အဖွဲ့က အီရန်အစိုးရကို အသိပေးထားပြီး ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
အီရန်တွင် ဆန္ဒပြသူပေါင်း ၃၄၀၀ ကျော် အသတ်ခံခဲ့ရပြီး ထိုအရေအတွက်သည် အီရန်သမိုင်းတစ်လျှောက် ဆန္ဒပြသူများကို နှိမ်နင်းမှုများ၌ လူသေဆုံးမှု အများဆုံးဖြစ်ရပ် ဖြစ်လာကြောင်း နော်ဝေနိုင်ငံ အော်စလိုမြို့ အခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ (IHR) က ထုတ်ပြန်ခဲ့သည်။
Source: DW
