CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅
ဘရာဇီးလ်လက်ရွေးစင်အသင်းဟာ ရည်းစားဟောင်းဖြစ်သူရဲ့ အိမ်တွင်းအကြမ်းဖက်မှုစွဲချက်တင်ခံထားရတဲ့ ယူနိုက်တက်အသင်းတောင်ပံကစားသမား အန်တိုနီကို လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။
ဘရာဇီးလ်သတင်းဌာန UOL က အန်တိုနီအပေါ် ရည်းစားဟောင်းဖြစ်သူရဲ့ စွပ်စွဲချက်တွေကို စက်တင်ဘာ ၄ ရက် က ထုတ်ပြန်ခဲ့တာပါ။ ဆော်ပေါ်လိုနဲ့ ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က ဒီစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး အန်တိုနီကတော့ ဒီ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။
အန်တိုနီက “စွပ်စွဲချက်တွေဟာ မှားယွင်းကြောင်း ကျနော်ပြောနိုင်ပါတယ်။ အခုစွပ်စွဲချက်တွေအတွက် ကျနော့်မှာ အပြစ်မရှိကြောင်း သက်သေပြနိုင်ပါတယ်။ ရဲတပ်ဖွဲ့တွေရဲ့ ဆက်လက်လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေက ကျနော့်ရဲ့ အပြစ်ကင်းတဲ့ အမှန်တရားကို ပြသနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်”လို့ ဆိုရှယ်မီဒီယာမှာ ပြောထား တာပါ။
အန်တိုနီဟာ ၂၀၂၂ ခုနှစ် ဇွန်လနဲ့ ၂၀၂၃ ခုနှစ်၊ မေလကြားထဲမှာ သူမကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တယ်လို့ ရည်းစားဟောင်းဖြစ်သူ ကာဗာလင်က ပြောခဲ့တာဖြစ်ပါတယ်။ ဖြစ်ရပ်တစ်ခုမှာဆိုရင် အန်တိုနီရဲ့ ဖန်ခွက်နဲ့ ပစ် ပေါက်ခြင်းခံခဲ့ရတာကြောင့် သူမရဲ့ လက်ချောင်းပေါ်က အရိုးတွေကို မြင်နိုင်တဲ့အထိ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောခဲ့တာပါ။ ဒါ့အပြင် ကာဗာလင်ဟာ ကိုယ်ဝန်ရှိစဉ်အချိန်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအသေးစိတ်ကိုလည်း ပြောပြခဲ့တယ်လို့ ဘရာဇီးလ်သတင်းဌာန UOL က ဖော်ပြထားတာဖြစ်ပါတယ်။
အန်တိုနီကတော့ သူဟာ ကိုယ်ထိလက်ရောက်တိုက်ခိုက်တာမျိုးတော့ ဘယ်တော့မှမလုပ်ခဲ့ဘူးလို့ ပြောထား ခဲ့တာပါ။ BBC Sport က အန်တိုနီရဲ့အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ယူနိုက်တက် အသင်းက လက်ရှိအချိန်မှာ မှတ်ချက်ပေးလိုခြင်းမရှိဘူးလို့ပြောထားပါတယ်။ ဘရာဇီးလ်အသင်းဟာ အန်တိုနီရဲ့ နေရာမှာ အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျီးဆပ်စ်ကို အစားထိုးရွေးချယ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေအဖြစ် ဘိုလီးဗီးယား၊ ပီရူးတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။