CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈

ဘရာဇီးလ်အသင်းတိုက်စစ်မှူး နေမာဟာ ဥရုဂွေးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်ရဲ့ ပထမပိုင်းမပြီးခင်မှာ ပြင်းထန်တဲ့ဒူးဒဏ်ရာရရှိသွားခဲ့ပါတယ်။

နေမာဟာ သူ့ရဲ့ဘယ်ဘက်ဒူးကိုကိုင်ကာ ငိုကြွေးနေခဲ့တာဖြစ်ပြီး ကွင်းထဲမှာ မိနစ်အနည်းငယ်ကြာ သေးကုသမှု ခံယူပြီးနောက် ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရတာပါ။ ဘရာဇီးလ် FA သတင်းရင်းမြစ်တွေက နေမာဟာ ဘယ်ဘက် ဒူးအဆစ်ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး အရွတ်ပျက်စီးခြင်းရှိ၊မရှိဆုံးဖြတ်ဖို့အတွက် စမ်းသပ် စစ်ဆေးမှု တွေပြုလုပ်ရမယ်လို့ ပြောထားတာဖြစ်ပါတယ်။

နေမာအနေနဲ့ ဒဏ်ရာပြင်းထန်မယ်ဆိုရင် ကာလရှည်ကြာအနားယူရမှာဖြစ်တဲ့အတွက် ဘရာဇီးလ်အသင်းနဲ့ အယ်လ်ဟီလယ်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာနိုင်တာပါ။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီး အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ နေမာဟာ ဆော်ဒီကလပ် အတွက် ၅ ပွဲပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ နေမာဟာ ဘရာဇီးလ်အသင်းအတွက် ၁၂၇ ပွဲကစားထားပြီး ၇၉ ဂိုးသွင်းယူကာ နိုင်ငံရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာပါ။

ဘရာဇီးလ်အသင်းဟာ ဒီပွဲစဉ်မှာ ဥရုဂွေးအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်ကမ္ဘာ့ဖလားခြေစစ်ပွဲ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ၂ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၄ ပွဲကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး အာဂျင်တီးနားအသင်းက ထိပ်ဆုံးနေရာက ဦးဆောင်နေကာ ဥရုဂွေးအသင်းက ဒုတိယနေရာမှာ ရှိနေတာပါ။

ဘရာဇီးလ်အသင်းဟာ လာမယ့်နိုဝင်ဘာမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် ကိုလံဘီယာ၊ အာဂျင်တီးနားအသင်း တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Reuters