CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇

မြောက်အိုင်ယာလန် အသင်းရဲ့ နောက်ခံလူ အီဗန်စ်က ဒဏ်ရာတွေ နှိပ်စက်မှုကြောင့် ယူနိုက်တက်အသင်းထံ ပြန်မလာခင် ပြီးခဲ့တဲ့ရာသီအကုန်က ကစားသမားဘဝက အနားယူဖို့ စဉ်းစားခဲ့တယ်လို့ ပြောလိုက်ပါတယ်။

အီဗန်စ်က “ဒဏ်ရာတွေကြောင့် ကစားသမားဘဝကို အဆုံးသတ်ဖို့ ကျနော်စဉ်းစားခဲ့ပါတယ်။ ဒဏ်ရာတွေကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ပြန်လာတဲ့အချိန်တိုင်း ကြေကွဲနေရပါတယ်။ ဒါပေမယ့် ကျနော်ဟာ လုပ်နိုင်စွမ်းရှိတဲ့ အကြောင်းကို ကိုယ်တိုင် သက်သေပြသ နိုင်ခဲ့ပါတယ်။ ကျနော် အများကြီး လေ့ကျင့်ပြီး ပွဲတွေကို ပြီးမြောက် အောင် ကစားနိုင်ခဲ့ပါတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကို အတည်ပြုရပြီး ဒီလုပ်ငန်းစဉ်ကို ဖြတ်ကျော်နိုင်ခဲ့ တာကြောင့် ကျေနပ်မိတယ်”လို့ ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ အီဗန်စ်ဟာ ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းအတွက် ၁၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ရာသီအကုန်မှာ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

အီဗန်စ်ကို တွေ့ရစဉ်

ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ အီဗန်စ်ဟာ လက်စတာအသင်းကနေ ထွက်ခွာပြီးနောက် အသင်းဟောင်းမှာ လာရောက် လေ့ကျင့်မှုပြုလုပ်ရင်း ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ အီဗန်စ်ရဲ့ ခြေစွမ်းကို သဘောကျခဲ့တာကြောင့် နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ရာသီအကုန်ထိ စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။

အီဗန်စ်ဟာ အသင်းဖော် နောက်ခံလူတွေရဲ့ ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းအတွက် ဒီရာသီမှာ ပွဲစဉ် ၄ ပွဲ အထိ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
 
အီဗန်စ်ဟာ ယူနိုက်တက်အသင်းမှာ ပထမဆုံးအကြိမ် ကစားခဲ့တုန်းက ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံ လိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့ပါတယ်။

ဒီရာသီမှာတော့ ယူနိုက်တက်အသင်းဟာ ရလဒ်တွေ ဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၀ နေရာ ရပ်တည်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီအပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA