CNI Sport News

 ၂၀၂၆ ခုနှစ်၊ မေလ ၂၆

မက္ကဆီကိုသမ္မတ ကလော်ဒီယာရှိန်းဘန်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အီရန်အသင်းကို နိုင်ငံမှာ အခြေစိုက်ဖို့အတွက် ခွင့်ပြုဖို့ သဘောတူခဲ့ပြီး အမေရိကန်ဟာ သူတို့ကို နိုင်ငံအတွင်းထားရှိဖို့ ဆန္ဒမရှိဘူးလို့ ပြောခဲ့ပါတယ်။ 

ကလော်ဒီယာရှိန်းဘန်းက “မက္ကဆီကိုမှာ ဆက်နေခွင့်ကို ငြင်းပယ်ဖို့အကြောင်းရင်းမရှိပါဘူး။ အမေရိကန်က အီရန်အသင်းကို ညအိပ်ပြီးမထားချင်ပေမယ့် သူတို့ဟာ အဲ့ဒီမှာ ၃ ပွဲကစားဖို့စီစဉ်ထားပါတယ်။ အဲ့ဒါကြောင့် သူတို့ဟာ မက္ကဆီကိုမှာ ညအိပ်တည်းခိုပြီး အမေရိကန်မှာ ပွဲကစားလို့ရလားဆိုပြီး ဖီဖာက မေးမြန်းခဲ့ပါတယ်။ ဘာပြဿနာမှမရှိတဲ့အတွက် ရတယ်လို့ ပြန်ဖြေလိုက်ကြောင်း”ပြောခဲ့တာပါ။ 

အဲဒါကြောင့် အီရန်အသင်းဟာ ကမ္ဘာ့ဖလားပွဲတွေမတိုင်မီ မက္ကဆီကိုမှာ အိပ်စက်ပြီးနောက် အမေရိကန်နိုင်ငံထံ သွားကာ ပွဲတွေကို ကစားရမှာဖြစ်ပါတယ်။ 

ဖီဖာကလည်း အီရန်အသင်းဟာ မက္ကဆီကိုမှာ အခြေစိုက်ပြီး လေ့ကျင့်မှုတွေပြုလုပ်သွားမယ်လို့ တနင်္လာနေ့က ထုတ်ပြန်ထားပါတယ်။ 

အီရန်အသင်းကစားသမားများကို တွေ့ရစဉ်

အီရန်အသင်းဟာ အစောပိုင်းက အရီဇိုးနားမှာ အခြေစိုက်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေပြုလုပ်ဖို့ စီစဉ်ထားပေမယ့် အရှေ့အလယ်ပိုင်းမှာ လက်ရှိဖြစ်နေတဲ့စစ်ပွဲနဲ့ ဆက်စပ်တဲ့လုံခြုံရေးစိုးရိမ်မှုတွေကြောင့် အခြေစိုက်မယ့်နေရာကို ပြောင်းလဲခဲ့ရတာပါ။ 

အီရန်အသင်းဟာ အခု တူရကီနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ 

အီရန်အားကစားဝန်ကြီး ဒွန်ယာမာလီက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ အီရန်အသင်းကို အမေရိကန်နိုင်ငံမှာ ကစားဖို့ ဗီဇာပေးမယ်လို့ အတည်ပြုထားပါတယ်။ 

အီရန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၅ ရက်မှာ နယူးဇီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။